ဆီဆိုင် မေ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာခြောက်ရွာအကျိုးပြုသည့် ကျေးရွာချင်းဆက် ကျောက်လမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအား မေ ၇ ရက် နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်ဇင်ဇင်ပြုံးနှင့် တာဝန်ရှိသူများက လုပ်ငန်းအရည်အသွေးပြည့်မှီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ်(၁၂၇.၉၇)သန်းဖြင့် တင်ဒါအောင်မြင် သည့် သူရိယနဂါးအားမာန်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ဘန်းယဉ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများဖြစ်သည့် နားလွယ်-မိုက်ဆနှောင်း-ဖိုင်ကွမ်း-ဖိုင်လင်း-နမ့်ကွတ်-နောင်စန့် ကျေးရွာ ချင်းဆက်ကျောက်လမ်းမှ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း အရှည် ၁ မိုင် အကျယ် ၁၂ ပေ × ထု ၉ လက်မရှိ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ခွန်ရဲထွေး(ဆီဆိုင်)