စစ်တွေ မေ ၈
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်းသည် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့တွင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြသည်။
ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် စစ်တွေမြို့ကစ္ဆပရပ်ကွက်ရှိ ကလွေချောင်းတံတားအားသွားရောက် ကြည့်ရှုစစ်ဆေးပြီး ချောင်းအတွင်းရေစီးရေလာ ကောင်းမွန်ရေး၊ မုန်တိုင်းအန္တရာယ်များကျရောက်လာပါ စက်လှေများ၊ လှေသမ္ဗာန်များ ဝင်ရောက်ခိုလုံနိုင်ရေး၊ ချောင်းကြောင်းတူးဖော်နိုင်ရေးတို့ကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးကြသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် စစ်တွေမြို့၊ လမ်းမကြီးရှိ မြို့လယ်ချောင်းတံတား သို့သွားရောက်ပြီး တံတားကြံ့ခိုင်မှုအခြေအနေ မြို့လယ်ချောင်းအတွင်းရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်မည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်စည်ပင် သာယာအဖွဲ့၊ ပြည်နယ်မှူး ဦးသက်ထွန်းနှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသကြသည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ငပိန်လမ်းတံတားအနီး ရေစီးရေလာကောင်းမွန် ရေးဆောင်ရွက်နေမှု၊ ဦးဥတ္တမလမ်းတံတား အဆင့်မြှင့်တင် ခြင်းကြောင့် မြို့လယ်ချောင်းသို့ ရေစီးဆင်းမှုပိတ်ဆို့နေမှုအခြေအနေတို့ သွားရောက် စစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသ ခဲ့ကြကြောင်း သိရသည်။
တင်ထွန်း