စစ်တွေ မေ ၈
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်းသည် ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းက စစ်တွေရွှေမင်းဂံဆိပ်ကမ်း နယ်စပ်ကုန်းစခန်းသို့ သွားရောက်စစ်ဆေးသည်။
ထို့သို့စစ်ဆေးရာတွင် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့မှုရှိမရှိနှင့် နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများဆေင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ တိကျစွာဆောင်ရွက်ခြင်းရှိမရှိတို့ စစ်ဆေးကြသည်။ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပညာရေးနှင့် ကျန်းမာရေးသည် အရေးကြီးသကဲ့သို့ နိုင်ငံစီးပွားရေးသည်လည်း အရေးကြီးသည့်အတွက် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကို ဖွင့်လှစ်ကာ ကုန်သွယ်ရေးလုပ်ငန်းများကို ခွင့်ပြုပေးထားကြောင်းနှင့် ကျန်းမာရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များကိုလည်း တိကျစွာလိုက်နာဆောင်ရွက်ကြရန် အရေးကြီးကြောင်းမှာ ကြားပြီး လိုအပ်ချက်များ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
နယ်စပ်ကုန်သွယ်ရေးစခန်းသို့ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းပြန်ကြားရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက “နယ်စပ်ကုန်သွယ်ရေးဟာ နိုင်ငံရဲ့စီးပွားရေးမှာအထောက်အပံ့ဖြစ်သလို လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးမှာလည်း အရေးပါ တယ်၊ ဒါကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကနေပြီးတော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကြောင့် ယာယီရပ်ဆိုင်းနေတဲ့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေကို အခုနှစ် ဧပြီလ ၂ ရက်နေ့က စတင်ပြီး ပို့ကုန်ပစ္စည်းတွေ ပြန်လည်တင်ပို့နိုင်ဖို့၊ ကုန်သည်လုပ်ငန်းရှင်တွေ လုပ်သာကိုင်သာရှိစေ ဖို့အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်တွေ၊ လုပ်ထုံးလုပ်နည်း တွေနဲ့အညီ ပြန်လည်ခွင့်ပြုခဲ့ပါတယ်၊ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့လည်း အကောင် အထည်ဖော်နိုင်ဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေနဲ့ညှိနှိုင်းပြီး ဧပြီလ ၁၂ ရက်နေ့က စတင်ပြီးတော့ နယ်စပ် ကုန်သွယ်ရေးအတွက် မင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မောင်တောနယ် စပ်ကုန်သွယ်ရေးစခန်း နှစ်ခုကိုဖွင့်လှစ်ပေးခဲ့ပါတယ်၊ ဖွင့်လှစ်တဲ့အခါ အဓိကအားဖြင့် နယ်စပ် ကုန်သွယ် ရေးဖြစ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့နှစ်နိုင်ငံကြားမှာ ကုန်သွယ်ရတာဖြစ်တယ်၊ ကုန်သွယ်ရတဲ့ အခါမှာ တစ်ဘက်ကလည်း စီးပွားရေးကောင်းမွန်အောင်လုပ်ဆောင်သလို ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကိုလည်း ကာကွယ်ထားဖို့လိုပါတယ်။
အဲ့ဒီလိုကာကွယ်ဖို့အတွက် အစီအမံတွေကို ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ချမှတ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်တွေနဲ့အညီဆောင်ရွက်ထားတယ်။ ဒီနေ့မှာတော့ ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို တိတိကျကျလိုက်နာမှုရှိမရှိကို သွားရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းသို့ စက်လှေများ၊ သင်္ဘောများဝင်ရောက်ဆိပ်ကပ်ရာတွင် Quarantine စက်လှေများဝင်ရောက်ဆိုက်ကပ်မည့် ဆိပ်ခံတံတားနှင့် ကုန်တင်၊ ကုန်ချဆိပ်ခံတံတား ဆိုပြီးနေရာများသတ်မှတ်ထားကာ အဓိကတစ်ဘက်နိုင်ငံမှအပြန်လှေများကို တစ်နေရာတည်းတွင် (ရေထဲမှာ) စုထားပြီး Quarantine(၁၀) ရက်ဝင်ရောက်ရမည်ဖြစ်သည်။ ထို့အပြင်လှေသမားများ ကုန်းပေါ်မတက်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းတို့က နှစ်ဆိုင်းစီခွဲကာ စောင့်ကြည့်သွားမည့်အပြင် မြန်မာ့တပ်မတော်နှင့် ရေကြောင်းရဲတပ်ဖွဲ့တို့မှလည်း စောင့်ကြည့်သွား မည်ဖြစ်သည်။ ၎င်းအပြင် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကျန်းမာရေးစောင့်ရှောက်ရေး အဖွဲ့ တစ်ခုထားရှိပြီး လိုအပ်လာပါက အရေးပေါ်ကူညီရေးမော်တော်ယာဉ်များလည်း အဆင်သင့်စုဖွဲ့ထားရှိ ကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)