ဟိုပန် မေ ၈
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ မြေငှားဂရန်ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး (ခရိုင်ကော်လ္လိတော်အရာရှိ) ဦးဇော်နိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးကျော်ဇေသီဟသူ က မြေငှားဂရန် ထုတ်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ခဲ့သည်။ ဆက်လက်၍ ဟိုပန်မြို့၊ မန်ခွန် ရပ်ကွက်ရှိ ပြည်သူ(၁၁)ဦးအား မြေငှားဂရန်များကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက တစ်ဦးချင်း
ပေးအပ်ခဲ့သည်။
ဟိုပန်မြို့နယ်ရပ်ကွက်များတွင် နေထိုင်လျက်ရှိသည့် တိုင်းရင်းသားပြည်သူများအနေဖြင့်တရားဝင် မြေပိုင်ဆိုင်မှု အထောက်အထားများဖြင့် လုံခြုံစိတ်ချစွာ နေထိုင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ရှမ်းပြည်နယ် အစိုးရ၏ လမ်းညွှန်ချက်၊ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ ကြီးကြပ်မှုခံယူကာ ဟိုပန်ခရိုင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မှ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး မြေငှားဂရန် ပြုလုပ်ပေးခြင်း၊ ဂရန်သက်တမ်းတိုးလဲလှယ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ဟိုပန်မြို့၊ မန်ခွန်ရပ်ကွက်ရှိ လူနေအိမ်ခြေ(၅၀)အနက် မြေငှားဂရန်မရှိသေးသည့် (၄၄)အိမ်မှ (၃၉)အိမ်အား မြေငှား ဂရန်ထုတ်ပေး နိုင်ခဲ့ပြီး ကျန်ရှိသည့် နေအိမ်များအား မြေငှားဂရန်ထုတ်ပေးနိုင်ရေးဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်။
ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်အတွင်း ၂၀၂၁ ခုနှစ်၊ မေလ(၇)ရက်နေ့အထိ မြေငှားဂရန်(၄၅)ခု၊ စက်မှု/စီးပွားမြေငှားဂရန်(၁)ခုကို ထုတ်ပေးနိုင်ခဲ့ကြောင်းသိရသည်။
သိန်းအောင်