ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ကြီး     မေ   ၇

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ယနေ့တွေ့ဆုံပွဲသည် နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့်အညီ တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ COVID-19 ကာလနှင့်အညီ စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်းခဲ့ရကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကုန်စျေးနှုန်းများ တက်နေသဖြင့် လုပ်ငန်းရှင်များ ခံစားနေရမှုကို သိရပါကြောင်း၊ စီးပွားရေး လုပ်ငန်းများကို ရပ်ဆိုင်းထားလို့မရကြောင်းနှင့် မည်ကဲ့သို့ရှေ့ဆက်ရမည်ကို စဉ်းစားရမည်ဖြစ်ကြောင်း၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများတွင်လည်း ပြည်ထောင်စုဝန်ကြီးနှင့် ဆွေးနွေးပြီးဖြစ်၍ အဓိကရှမ်းပြည်နယ်တွင် ဟိုတယ်နှင့်ခရီးပြန်လည် ဖွင့်လှစ်နိုင်ရန် ဆွေးနွေးပြီးဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်မှသာ ဟိုတယ်လုပ်ငန်းများ အဆင်ပြေမည် ဖြစ်ကြောင်း၊ ဒါကြောင့် ရှမ်းပြည်နယ်တွင် ဧပြီလ(၄)ရက်မှစ၍ ညမထွက်ရအမိန့် ည(၈)နာရီမှ မနက်(၄)နာရီအထိအစား ည(၁၀)နာရီမှ မနက်(၄)နာရီအထိ ဖြေလျော့ပေးနိုင်ခဲ့ပြီး ရှမ်းပြည်နယ်တွင် ပထမဆုံး ကျိုင်းတုံမြို့၊ ဒုတိယ တောင်ကြီးနှင့် တတိယ ကလောမြို့တို့ဖြစ်ကြောင်း၊ ဒီလိုည(၁၀)နာရီထိ ဖြေလျော့ပေးနိုင်ခဲ့သည့်အတွက် ညအချိန်တွင် စားသောက်ဆိုင် လုပ်ငန်းရှင်များ၊ လမ်းဘေးအကင်ဆိုင်များ၊ ဆိုင်ကယ်တက္ကစီသမားများ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ ကိုဗစ်ကာလအတွင်း ချေးယူထားသည့် ချေးငွေများတွင် လုပ်ငန်းရှင်များလည်း ပါနေသဖြင့် (၆)လဆိုင်းငံ့ထားရပါကြောင်း၊ ဥပဒေနှင့်အညီ လုပ်ကိုင် နိုင်ရန် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများကိုလည်း ခေါ်ယူထားသဖြင့် အားလုံးက ဝိုင်းဝန်းဆွေးနွေးပေးကြရန်နှင့် လုပ်ငန်းကို ရပ်ဆိုင်းထားလို့မရကြောင်း၊ နိုင်ငံတော်၏ ချမှတ်ထားသည့် စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရှုံးလျှင်ရှုံး ပါစေ အရည်အသွေးကောင်းအောင် ကြိုးစားရမည်ဖြစ်ကြောင်း၊ ယခုလိုမျိုး မဖြစ်ရအောင် ယနေ့တွေ့ဆုံပွဲတွင် ညှိနှိုင်းတိုင်ပင် ဆွေးနွေးနိုင်ရန် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဥပဒေချုပ်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ ဖိတ်ခေါ်တွေ့ဆုံ၍ ညှိနှိုင်းတိုင်ပင်ရန်နှင့် အတတ်နိုင်ဆုံး မည်ကဲ့သို့ ဆောင်ရွက်ပေးရမည်နည်း၊ ယခုလိုတွေ့ဆုံပြီး အခက်အခဲများကို ကျော်လွှားကာ ညှိနှိုင်းတိုင်ပင် ဆွေးနွေးရမည် ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်သည် နိုင်ငံတော်၏ ဓနအင်အားဖြစ်ပါကြောင်း၊ နိုင်ငံတစ်ခု၏ အင်အားတောင့်တင်းနိုင်ရန် စီးပွားရေးမရှိလို့မဖြစ်ကြောင်း၊ ပြည်သူလူထု၏ စီးပွားရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေး အာမခံချက်ပေးနိုင်ရန် လုပ်ဆောင်ပေးရမည်က အစိုးရ၏ တာဝန်တစ်ရပ်ဖြစ်သည့်အတွက် ပြည်ထောင်စုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးများက နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ညှိနှိုင်း ပေါင်းစပ်သွားရန် စာဝင်ထားပါကြောင်း၊ ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနဆိုင်ရာများနှင့် မည်ကဲ့သို့ဆောင်ရွက်ရမည်၊ ပေါင်းစပ်ရမည်ကို ယနေ့အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ပြီး အားလုံးဝိုင်းဝန်း ကြိုးစားဆွေးနွေးပေးကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များမှ ဘဏ်၌ ငွေထုတ်ယူ ခက်ခဲသည့်ကိစ္စ၊ လျှပ်စစ်မီး ရရှိရေး၊ လယ်ယာမြေ၊ သစ်တောမြေကိစ္စရပ်များ၊ လမ်းပန်းဆက်သွယ်ရေးကိစ္စရပ်များ တင်ပြဆွေးနွေးကြပြီး ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်များက ပြန်လည်ရှင်းလင်း၍ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)