တံတားဦး မေ ၇
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်ကိုနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၇ နာရီခွဲက တံတားဦးမြို့သို့ရောက်ရှိပြီး နိုင်ငံတော်သံဃာ့ဗဟိုဝန်ဆောင်ဆရာတော်၊ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်နှင့်အဖွဲ့ဝင်များအား ဖူးမျှော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများကို လျှောက်ထားရာ မြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ ဂိုဏ်းထောက်ကျောင်းဆရာတော် ဘဒ္ဒန္တကောသလ္လက ဩဝါဒကထာမြွက်ကြား၍ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကျေးလက်လမ်းဦးစီးဌာနမှ ဆောင်ရွက်နေသော သင်ပန်း-တပယ်-လက်ပန်ဇင်လမ်း ကတ္တရာလမ်းခင်းခြင်း ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား လမ်းညွှန်ဖြည့်ဆည်းဆောင်ရွက်ပေးကာ နံနက်(၉)နာရီအချိန်တွင် မြို့နယ်ခန်းမသို့ ရောက်ရှိ၍ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ ကျောက်ဆည်ခရိုင်နှင့် တံတားဦးမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် /ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး အမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်ကျော်မင်း ၊ အဖွဲ့ဝင်(၃) ဦးမျိုးအောင်နှင့် အဖွဲ့ဝင်(၄) ဦးသိန်းဌေးတို့က အမှာစကားအသီးသီးပြောကြား၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိတို့လိုအပ်သည်များကို ဆွေးနွေးတင်ပြရာ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြို့နယ်ပြည်သူ့ဆေးရုံသို့သွားရောက်ကာ လူနာများနှင့်လူနာ စောင့်များအား အားပေးစကားပြောကြားပြီး ဆေးရုံအတွင်း လိုက်လံကြည့်ရှုစစ်ဆေးကြောင်း သတင်းရရှိသည်။
ရဲတင့်(တံတားဦး)