ဒလမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်းများနှင့် လျှပ်စစ်မီး ဓာတ်တိုင်လဲကျ ပျက်စီးမှုဖြစ်ပွား

ရန်ကုန် မေ ၇

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ယမန်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခြင်းကြောင့် နေအိမ်အချို့ အမိုးလန်ခြင်း၊ သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်းနှင့် လျှပ်စစ်ဓာတ်မီး တိုင်လဲကျ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် အံ့ကြီးအရှေ့ရပ်ကွက် အမှတ် ၁၄ သစ်စက်ဝန်းဆိပ်ကမ်းရှိ ဝန်ထမ်းလိုင်းခန်း အနီး လျှပ်စစ်ဓာတ်မီးတိုင် တစ်တိုင်လဲကျမှု ဖြစ်ပွားရာသို့ မြို့နယ်လျှပ်စစ် မန်နေဂျာ ရုံးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက  သစ်ပင်သစ်ကိုင်းများ ရှင်းလင်းပေးခြင်းနှင့် လျှပ်စစ် ဓာတ်အား အမြန်ပြန်လည် ပို့လွှတ်နိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။ ထို့အတူ ဒလမြို့နယ် အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ အမိုးလန်ပျက်စီးခြင်း၊ သစ်ပင်သစ်ကိုင်းများ ကျိုးကျမှု များသာ ဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာများ မရရှိကြောင်း သိရသည်။

နိုင်လင်းကျော်(IPRD)