ဥတ္တရခရိုင်အတွင်းရှိ မြို့နယ်အချို့တွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ပျက်စီး

နေပြည်တော်   မေ ၇


 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်အတွင်းရှိ တပ်ကုန်းမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် ယမန်နေ့က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်  လယ်ပြင်မကျေးရွာတွင် ဧပြီလ ၆ ရက် ည ၁၁ ခွဲခန့်က မိုးရွာပြီးလေပြင်း တိုက်ခတ်မှုကြောင့် သွပ်မိုး၊ ထရံကာအိမ် (၃ ×၃)ပင်(၃)လုံး၊ (၃ ×၄)ပင်(၂)လုံး၊ (၄×၃)ပင် (၁)လုံးနှင့် (၅×၃)ပင် (၁)လုံး စုစုပေါင်း လူနေအိမ်(၇)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ပုဗ္ဗသီရိမြို့နယ်တွင် ယမန်နေ့ ည ၇ နာရီခန့်က မိုးရွာပြီး လေပြင်း တိုက်ခတ်မှုကြောင့် မြောက်ချောင်း ကျေးရွာရှိ သွပ်မိုး၊ထရံကာအိမ် (၄ ×၃) ပင် (၁)လုံး၊ (၃×၄)ပင် (၅)လုံး၊ (၃×၃)ပင် (၈) လုံး အမိုးလန်ပြီး မီတာ(၂)လုံး ပျက်စီးခြင်း၊ ဂုံမင်းကွင်းကျေးရွာရှိ သွပ်မိုး၊ထရံကာအိမ် (၃×၃)ပင်(၁)လုံး၊ (၃×၄)ပင်(၂)လုံးနှင့် အုပ်ညှပ်တစ်ထပ်တိုက် နေအိမ်(၁)လုံးတို့ အမိုးလန် ပျက်စီးခြင်း၊ ဖြုတ်ခွဲကျေးရွာတွင် နေအိမ်(၁)လုံး အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကာ စုစုပေါင်း ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုး  သိန်း(၇၀)ခန့် ရှိကြောင်းနှင့် အဆိုပါလေပြင်း တိုက်ခတ်မှုများ ကြောင့်  လူနှင့်တိရိစ္ဆာန်များ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)