မောင်တော မတ် ၆
ရခိုင်ပြည်နယ် မောင်တောမြို့၌ နွေရာသီ အိုင်ကီဒိုနှင့် ကရာတေးဒို သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၄ နာရီ အချိန် မြို့မအားကစားရုံတွင် ပြုလုပ်ခဲ့ ကြကြောင်းသိရသည်။
သင်တန်းဆင်းပွဲတွင် နာယကဆရာကြီး ဦးဦးခင်မောင် အဖွင့်အမှာစကား ပြောကြားပြီး ခရိုင် အားကစားမှူး ဦးဇော်မင်းထွေးမှ အမှာစကား ပြောကြားရာတွင် လူငယ်၊ လူရွယ်များ၊ နွေရာသီ အားလပ်ရက်တွင် အခြေခံ အားကစား နည်းစနစ်များကို သိရှိပြီး လေ့လာလိုက်စားလာစေရန် ၊ မူးယစ်ဆေးဝါးကင်းစင်၍ ကျန်းမာပျော်ရွင်စွာဖြင့် သင်တန်းတက်ရောက်ပြီး၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မြို့နယ်နှင့် ခရိုင် ကိုယ်စားပြု ထူးချွန်သည့် အားကစားများပေါ် ထွက်လာစေရန် ရည်ရွယ်ချက် အသီးသီးဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။ ထို့နောက် အသင်းဥက္ကဋ္ဌ ဆရာ ဦးထွန်းထွန်းအောင်က သင်တန်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး အခြေခံအကောင်းဆုံးဆုနှင့် အဆင့်မြင့် အကောင်းဆုံးဆု ရရှိသူများအား တာဝန်ရှိသူများမှ ဆုများချီးမြှင့်ပြီး သင်တန်း သားများကိုယ်စား သင်တန်း သားတစ်ဦးအား သင်တန်းဆင်း လက်မှတ်ပေးအပ်ခဲ့ရာ သင်တန်းသားတစ်ဦးမှ ကျေးဇူး တင်စကားပြောကြား ခဲ့သည်။ ဆက်လက်၍ ခါးစည်းအလိုက် သင်တန်းသား/သူများမှ စွမ်းရည်ပြသခဲ့ကြပြီး အဆိုပါ သင်တန်းတွင် အခြေခံ ၂၅ ဦးနှင့် တန်းမြှင့်အဆင့် ၁၅ ဦး စုစုပေါင်း(၄၀)ဦး အား သင်တန်း နည်းပြ ၁၅ ဦးဖြင့် (၂)လကြာ သင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး