ရခိုင်ပြည်နယ်အတွင်း ၂၀၂၀ -၂၀၂၁ ခုနှစ် ငါးမျိုးစိုက်ရာသီအတွက် တာဝန် ပေးလျာထားချက် များအပေါ် အပြည့်အဝ အကောင်အထည် ဖော်နိုင်ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီမှ ကြီးကြပ်ဆောင်ရွက်

စစ်တွေ မေ ၆

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမ(၆) လအထိ လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအပေါ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် သားဖောက်စခန်း တာဝန်ခံများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် (၂) ဦးစံရွှေမောင် တက်ရောက် အမှာစကားပြောကြားသည်။

ရှေးဦးစွာ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသက်ဦးက ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် အတွင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအောက်ရှိ ခရိုင်၊ မြို့နယ်များနှင့် ရေချို၊ ရေငန်သားဖောက် စခန်းများ၏ လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက် နေဆဲ အခြေအနေများကို ပါဝါပွိုင့်ဖြင့်ရှင်းလင်းတင်ပြရာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်(၂)က ညှိနှိုင်းဆွေးနွေးပေးသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂)က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ၏ ညွှန်ကြားချက်ဖြစ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်တာဝန် ထမ်းဆောင်နေစဉ် ကာလအတွက် ချမှတ်ခဲ့သည့် ရှေ့လုပ်ဆောင်မည့် ရှေးလုပ်ငန်းစဉ်(၅) ရပ် တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစား သွားမည်ဟူသောအချက်ပါရှိသဖြင့် နိုင်ငံတော်၏ စီးပွားရေး လုပ်ငန်းများ အမြန်ပြန်လည်ဖွံ့ဖြိုးလာစေရန် လိုက်နာရမည့်အချက်(၄)ချက်တွင် ပါဝင်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေး ဆိုင်ရာလမ်းညွှန်ချက်များကို ထပ်ဆင့်ရှင်းလင်းမှာကြားပြီး ရခိုင် ပြည်နယ်အတွင်း ၂၀၂၀-၂၀၂၁ ခုနှစ်၊ ငါးမျိုးစိုက်ရာသီးအတွက် လျာထားတာဝန်ပေး အပ်ထား သည့် ရေငန် ပုစွန်(၇)သိန်းနှင့် ရေချိုငါးကောင်ရေ(၃)သိန်းတွင် ယနေ့ထိ မျိုးစိုက်ပြီး ရေငန် ပုစွန်ကောင်ရေ (၇)သိန်းသုံးသောင်း၊ မျိုးပုစွန် အမ(၃၂) ကောင်ဆောင်ရွက်ပြီးစီးကာ ရေချို ငါးသားပေါက်ကောင်ရေ သုံးသိန်းဆောင်ရွက်ရန်ကျန်သည့်အပေါ်တွင်လည်း ပြည်နယ်မှ လက်ရှိ ဆောင်ရွက်ပြင်ဆင်နေသည့် လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ကြရန်၊ လျာထားသည့် ငါးကောင်ရေ သုံးသိန်းထက် ပိုမိုမျိုးစိုက်ထည့်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် မိမိတိုဌာနအလိုက် ဆောင်ရွက် ပေးရန် သတ်မှတ်လျာထားသည့် အခွန်လျာထားချက်များအား ပြည့်မီကျော်လွန်အောင် ဆောင်ရွက် ကြရန်ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ် ရေး ကောင်စီအဖွဲ့ဝင်(၂)သည် ပြည်နယ် ရုံးဝင်းအတွင်းရှိ ကမ်းဝေးငါးဖမ်းရေယာဉ်များအား စောင့်ကြည့်ထိန်းချုပ်လျက်ရှိသည့် VMS စက် တပ်ဆင်ထားသော အဆောက်အဦသို့ သွားရောက်ပြီး ပြည်နယ်ရုံးဝန်ထမ်းများမှ ရခိုင်ပြည်နယ် ကမ်းဝေး ငါးဖမ်းကွက်ရှိ ငါးဖမ်း ရေယာဉ်များအားစောင့်ကြည့်နေမှုကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

တင်ထွန်း