မိုင်းတုံမြို့၌ နမ့်ဟောင်ချယ်ချောင်းကမ်းပါး ရေတိုက်စားမှုကာကွယ်ရန် မြေထိန်းနံရံဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

မိုင်းဆတ် မေ ၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ နမ့်ဟောင်ချယ်ချောင်းကမ်းပါး ရေတိုက်စားမှု ကာကွယ်ရန် မြေထိန်းနံရံ ဆောင်ရွက်နေမှုအား ယမန်နေ့နံနက်(၁၁)နာရီက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနဦးစီးအရာရှိ ဦးကျော်ခိုင်မြင့်နှင့် တာဝန်ရှိသူတို့က မိုးရာသီကာလများတွင် နမ့်ဟောင်ချယ်ချောင်းကမ်းပါး ရေတိုက်စားမှုကာကွယ်ရန်နှင့် ချောင်းအနီးရှိ နေအိမ်များအား ရေတိုက်စားမှု သက်သာစေရန် ကျောက်ရိုးစီမြေထိန်းနံရံ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းများအချိန်မီပြီးစီးရေး၊ သတ်မှတ်ထားသည့် အရည်သွေး ပြည့်မီအောင် ဆောင်ရွက်ရေးနှင့် လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။

အဆိုပါ နမ့်ဟောင်ချယ်ချောင်းကမ်းပါး ရေတိုက်စားမှုကာကွယ်ရန်မြေထိန်းနံရံ ကျောက်ရိုးစီခြင်း လုပ်ငန်း အရှည်ပေ (၁၀၀၀)အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ်(၁၃၅ ဒဿမ ၇၅၂) သန်းဖြင့် ဦးသန်းစိုး အဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)