မော်လမြိုင် မေ ၅
မွန်ပြည်နယ်စက်မှုစီးပွားလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့မွန်းလွဲ ၁ နာရီက မော်လမြိုင်မြို့ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက “နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကနေပြီးတော့ မူဝါဒ(၅)ရပ်ချမှတ်ပြီး ဆောင်ရွက်တဲ့အခါမှာ မူဝါဒ(၅) ရပ်ထဲမှာ ပါတဲ့အတိုင်း ကိုဗစ်-၁၉ ရောဂါကြောင့် စီပွားရေးလုပ်ငန်းတွေထိခိုက်ကာ ရပ်တန့်နေ တဲ့ စီးပွားရေးလုပ် ငန်းတွေကို ပြန်လည်ဦးမော့လာစေဖို့နဲ့ စနစ်တကျအရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ဖို့အတွက် ရည်မှန်းချက်တစ်ရပ်အနေနဲ့ ထည့်ပြီးတော့ ဆောင်ရွက်ခဲ့တယ် အနေ အထားတွေ ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ဦးမော့လာဖို့ ဆောင်ရွက်တဲ့ အခါမှာ ဒီမှာရှိတဲ့ စွန့်ဦးတီထွင် စက်မှုလုပ်ငန်းရှင် တွေအနေနဲ့လည်း အစိုးရနဲ့ ပူးပေါင်းပြီး လိုအပ်တာတွေကို မြန်မြန်ဆန်ဆန်နဲ့ ဆောင်ရွက်နိုင်ဖို့အတွက် အဓိကထားပြီး ဒီအစည်းအဝေး ကို ခေါ်ယူလိုက်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူလူထုရဲ့အကျိုးစီးပွားကို အဓိကထားပြီး ဆောင်ရွက် ပေးဖို့အတွက်ကိုလည်း မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် အဓိကထားပြီး မှာကြား လိုပါကြောင်း” ပြောကြားသည်။
ထို့နောက် မော်လမြိုင်စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ပြည်နယ်စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ညိုမှ မော်လမြိုင်စက်မှုဇုန် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ဌာနဆိုင်ရာများနှင့် စက်မှုဇုန်ကြီးကြပ်ရေး ကော်မတီ အဖွဲ့ဝင်များတို့က အကြုံဆွေး နွေးတင်ပြကြသည်။
ယင်းနောက် (Southern Myanmar Development Co., Ltd)မှ ဦးစိန်ဝမ်းနှင့် (Mon Petrol Co., Ltd) မှ ဦးမြင့်တင်တို့က မိမိတို့လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များအား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော စက်မှုစီးပွား လုပ်ငန်းရှင်များတို့က စက်မှုဇုန်တွင်လိုအပ်လျက်ရှိသော ရေ၊ လျှပ်စစ်မီးနှင့် လမ်းအခြေအနေ တို့ကို တင်ပြရာ တင်ပြချက်များအပေါ် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ကောင်စီဝင် များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတို့က ညှိနှိုင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဝေလင်းအောင်