နေပြည်တော် မေ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ကလေးရောဂါ အထူးကုဆေးရုံကြီး (နေပြည်တော်)သည် လတ်တလောအရေးပေါ်ရောဂါများဖြစ်သည့် ဝမ်းပျက်၊ဝမ်းလျှော ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အတက်ရောဂါ၊ ကျောက်ကပ်နှင့်ဆိုင်သောရောဂါ၊ ထိခိုက်ဒဏ်ရာနှင့် မြွေကိုက်လူနာများစသည့် အရေးပေါ်ရောဂါများကို ကုသစောင့်ရှောက် ပေးနိုင်ရန်အတွက် (၂၄)နာရီ ဖွင့်လှစ်ထားကြောင်း သိရသည်။
“အထူးကုဆရာဝန်(၆)ဦး၊ လက်ထောက်ဆရာဝန်(၅)ဦးတို့နဲ့လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါတယ်၊ ရိုးရိုး ပြင်ပလူနာဌာနကိုတော့ နေ့စဉ်နံနက်(၈)နာရီမှ (၁၂)နာရီအထိ ဆောင်ရွက် ပေးပါတယ်။ ဒါ့အပြင် အပတ်စဉ်ဗုဒ္ဓဟူး နေ့တိုင်း (၈)နာရီမှ(၁၂)နာရီအထိ ကာကွယ်ဆေး ထိုးခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးပါတယ်။ အရေးကြီးတဲ့လူနာနဲ့ အရေးပေါ်လူနာများကိုတော့ (၂၄)နာရီ ကုသပေးလျက်ရှိပါတယ်” ဟု ကလေးရောဂါအထူးကုဆေးရုံကြီး (နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါကလေးရောဂါအထူးကုဆေးရုံကြီးတွင် ကလေးကုသဆောင်(၁)(၂)နှင့် ပြင်ပလူနာ ဌာနတို့ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး နာတာရှည်ရောဂါများဖြစ်သည့် နှလုံးရောဂါ ၊ ဦးနှောက်ပိုင်း ချို့ယွင်းမှုကြောင့်ဖြစ်သောရောဂါများ၊ သွေးတိုးရောဂါနှင့်ဆိုင်သောရောဂါများ၊ ကလေးကင်ဆာရောဂါများ၊ ကလေးဆီးချိုရောဂါများ၊ ကျောက်ကပ်နှင့်ဆိုင်သောရောဂါ အစရှိသည့် နာတာရှည်ခံစားနေရသည့် ကလေးများကို ကုသပေးလျက်ရှိကာ၊ ဖျားနာ၊ ဝမ်းလျှောနှင့် အိမ်တွင် ဆေးသောက်၍ရသော အခြေအနေများကိုမူ၊ ပြင်ပလူနာအနေဖြင့် ကြည့်ရှုပေးကြောင်း သိရသည်။
ထို့အပြင် မွေးကင်းစ၊ ကလေးလူနာများနှင့် ပတ်သက်၍လည်း၊ ပြင်ပတွင်မွေးပြီး၊ ဆေးရုံ ကုသမှုလိုအပ်သော ပေါင်မပြည့်၊ လမစေ့ကလေးလူနာများ၊ အသက်ရှူရန်ခက်ခဲသော ကလေးများ၊ အူလမ်းကြောင်းဆိုင်ရာ အခက်အခဲရှိနေသည့် ကလေးလူနာများ၊ နို့မစို့နိုင်သည့် ကလေးများနှင့် အသားဝါကလေးများကို ကုသပေးလျက်ရှိကြောင်းနှင့် COVID-19 ရောဂါနှင့်ပတ်သက်၍ သံသယ ရှိသော ကလေးလူနာများကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကုသမှု ပေးလျက်ရှိကြောင်း သိရသည်။
ဥတ္တရခရိုင်၊ ပြန်/ဆက်