သင်္ဃန်းကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးလျက်ရှိ

ရန်ကုန်  မေ  ၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ယနေ့ နံနက် ၈ နာရီခွဲမှ စတင်ပြီး အငြိမ်းစားဝန်ထမ်း (၆၀၀)ကျော်ခန့်မှ တိုကင်စနစ်ဖြင့် ပင်စင်လစာ ငွေများကို ပုံမှန်အေးချမ်းစွာ လာရောက်ထုတ်ယူခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါဘဏ်ခွဲမှာ သုမင်္ဂလာလမ်းမကြီး၊ သရက်တောမှတ်တိုင်အနီးတွင် တည်ရှိပြီး အနီးအနားရှိ သင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်တို့မှ အငြိမ်းစားဝန်ထမ်းများက အများဆုံး လာရောက် ထုတ်ယူလျက်ရှိပြီး အငြိမ်းစားလစာငွေများကို  ဘဏ်ဖွင့်ရက်များ၌ နေ့စဉ်နံနက် ၈ နာရီခွဲမှ တိုကင်စနစ်ဖြင့် လာရောက်ထုတ်ယူသူ ကုန်ဆုံးသည်အထိ ဘဏ်ဝန်ထမ်းများမှ နေ့စဉ် ဆက်လက် ထုတ်ပေးသွားမည် ဖြစ်သဖြင့် ပင်စင်လစာများကို မိမိကြိုက်နှစ်သက်ရာနေ့တွင် စိတ်အေးချမ်းသာစွာ လာရောက် ထုတ်ယူနိုင်ပါကြောင်း မြို့နယ်မြန်မာ့ စီးပွားရေး ဘဏ်မှ သိရှိရသည်။

စန္ဒာမိုး(ပြန်/ဆက်)