တံတားဦး မေ ၅
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား မိုးမြေပဲမျိုးစေ့ထုတ် စံပြကွက်များ မြေပဲမျိုးများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြေပဲမျိုးများထောက်ပံ့ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ညွန့်က အမှာစကားပြောကြားရာတွင် မြေပဲသီးနှံသည် ဆီထွက်သီးနှံဖြစ်ပြီး ပြည်သူများအတွက် အရေးပါသော သီးနှံတစ်ခုဖြစ်ပါကြောင်း၊ မြေပဲသီးနှံကို နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းစနယ်မြေနှင့် ကိုင်းကျွန်းမြေများတွင် စိုက်ပျိုးနိုင်သည့်အပြင် ဒေသနှင့်ကိုက်ညီသည့် အထွက်ကောင်မျိုးများကို ရွေးချယ်စိုက် ပျိုးသင့်ပါကြောင်း၊ ယခုထောက်ပံ့ပေးအပ်သည့် မိုးမြေပဲ ဆင်းပဒေသာ(၁၁)မျိုးသည်အထွက်ကောင်းသော မျိုးဖြစ်ပါကြောင်း၊ မိုးမြေပဲကို မေလနှင့် ဇွန်လအတွင်းစိုက်ပျိုးနိုင်ပြီး ဆောင်းမြေပဲကို စက်တင်ဘာလမှ နိုဝင်ဘာလအတွင်း စိုက်ပျိုးနိုင်ပါကြောင်းပြောကြားပြီး တောင်သူများကိုယ်စား မြင်စိုင်းကျေးရွာ တောင်သူဦးလှဆန်းက ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက တောင်သူများ လက်ဝယ်အရောက် မိုးမြေပဲမျိုးများကို ထောက်ပံ့ပေးအပ်သည်။ မိုးမြေပဲမျိုးကို မြင်စိုင်းကျေးရွာ တောင်သူ(၅)ဦး စိုက်ပျိုးရန် (၁၅)ဧကဖြစ်ကြောင်း၊ မိုးမြေပဲမျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးရန်အတွက် တစ်ဧကလျှင် မြေပဲမျိုးအတောင့်(၆)တင်း ထောက်ပံ့ပေးပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ညွန့်၏ ပြောကြားချက်အရသိရသည်။
တံတားဦးမြို့နယ်အနေဖြင့် မိုးနှမ်း GAP စံပြကွက်ကို လိန်ကုန်းကျေးရွာမှ တောင်သူပေါင်း (၂၀)ဦး စိုက်ပျိုးရန် ဧက(၁၀၀)ဧကကိုလည်းကောင်း၊ မိုးနှမ်းမျိုးစေ့ထုတ် စံပြကွက်ကို မြင်းသည်ကျေးရွာမှ တောင်သူ(၅)ဦး စိုက်ပျိုးရန် (၁၅)ဧကကိုလည်းကောင်း၊ မိုးနေကြာမျိုးစေ့ထုတ် စံပြကွက်ကို ချောင်းခွကျေးရွာမှ တောင်သူ(၃)ဦး စိုက်ပျိုးရန် (၁၀)ဧကကိုလည်းကောင်း၊ မိုးပဲတီစိမ်းမျိုးစေ့ထုတ် စံပြကွက်ကို ကန်ချောကျေးရွာမှ တောင်သူ(၄)ဦး စိုက်ပျိုးရန် (၁၀)ဧကကိုလည်းကောင်း၊ မိုးစပါးမျိုးစေ့ထုတ် စံပြကွက်ကို မြင်းစိုင်းကျေးရွာ တောင်သူ(၁)ဦး စိုက်ပျိုးရန် (၅)ဧကကို လည်းကောင်း၊ သီးနှံများစိုက်ပျိုးနိုင်ရေးအတွက် ထွက်နှုန်းကောင်းမျိုးစေ့များကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ထောက်ပံ့ပေးနိုင်ရေး လျာထားဆောင်ရွက်ထားကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ရဲတင့်(တံတားဦး)