ရိခေါ်ဒါရ် မေ ၅
ချင်းပြည်နယ်၏ အမှတ်သင်္ကေတနှင့် အထင်ကရနေရာဒေသတစ်ခုဖြစ်သည့် ရိခေါ်ဒါရ်မြို့အနီးရှိ အသည်းနှလုံးပုံသဏ္ဍာန် ရိဒ်ရေကန်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ရိဒ်ရေကန် ရေချိုးဆိပ်၌ ပြုလုပ်သည်။
အခမ်းအနားတွင် ချင်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဇော်လွင်ဝင်းက ငါးမျိုးစိုက်ထည့်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး ပြည်နယ်ဦးစီးမှူးနှင့်အတူ ဖလမ်းခရိုင် ငါးဦးစီးဌာနမှူး ဦးနိုင်ဝင်း၊ ချင်းပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးချစ်လှအောင်နှင့် အဖွဲ့ချုပ်အတွင်းရေးမှူး ဦးရွှေမောင်၊ ရိခေါ်ဒါရ်မြို့ ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးရမ်းနယ်ဇူလ်နှင့် ဌာနဆိုင်ရာများက ရွှေဝါငါးကြင်းငါးသားပေါက် ရှစ်သောင်း၊ ငါးခုံးမငါးသားပေါက် နှစ်သောင်း၊ စုစုပေါင်း ငါးသားပေါက် တစ်သိန်း စိုက်ထည့်ကြောင်း သိရသည်။
ရိရေကန်သည် မြန်မာနိုင်ငံအနောက်မြောက်ဘက်၊ ချင်းပြည်နယ်မြောက်ပိုင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ရှိ ရိခေါ်ဒါရ်မြို့အနီး၌ တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း ၂၉၆၆ ရှိတောင်ကုန်းပေါ်တွင် အသည်းနှလုံးပုံသဏ္ဍာန်ဖြင့် တစ်မူထူးခြားစွာတည်ရှိကာ ကန်ရေပတ်လည် အရှည် ၂.၅ မိုင်ခန့်ရှိကြောင်း၊ အဆိုပါရိရေကန်သည် ပြည်တွင်းပြည်ပ ခရီးသွားပြည်သူများ လာရောက်လည်ပတ်သူ များပြားသည့်နေရာတစ်ခုဖြစ်ကြောင်း၊ ရိရေကန်အတွင်း ငါးမျိုးစိုက်ထည့် ခြင်းကို ချင်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ နှစ်စဉ်စိုက်ထည့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)