လက်ပံခြေပေါ်မြစ်ရေတင်ဖြင့် နွေပဲတီစိမ်းစိုက်တောင်သူများ  ဧက ၃၀၀ ကျော်စိုက်ပျိုး အောင်မြင်ဖြစ်ထွန်း ဆွတ်ခူးရောင်းချိန် တစ်တင်းလျှင် ပျှမ်းမျှလေးသောင်းကျပ် ရောင်းချနေရ

ညောင်ဦး  မေ  ၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် လက်ပံခြေပေါ်မြစ်ရေတင်ဖြင့် စိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းကာ စတင်ဆွတ်ခူးရောင်းချချိန် နွေပဲတီစိမ်း တစ်တင်းလျှင် ၄၂,၀၀၀ ကျပ်ရောင်းချနေရခြင်းကြောင့် မြစ်ရေတင်ဖြင့်နွေပဲတီစိမ်း စိုက်တောင်သူများ မနှစ်ကထက် ဈေးနှုန်းပိုရနေကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန (ရေအရင်းမြစ်)၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်မြစ်ရေတင်မှ ယခုနှစ်တွင် နွေစပါး ၂၂၅ ဧကနှင့် အခြားသီးနှံဖြစ်သည့် နွေပဲတီစိမ်းနှင့်ငှက်ပျောစိုက်ပျိုးကြရာ နွေသီးနှံ စုစုပေါင်း ၅၉၃ ဧကစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းခဲ့ပြီး နွေပဲတီစိမ်း စိုက်ပျိုးဧက ၃၀၀ ကျော်ရှိခဲ့ကာ ပေါ်ဦးပေါ်ဖျားနွေပဲတီစိမ်း တစ်တင်း ၄၂,၀၀၀ ကျပ်ထိ ရောင်းချရခြင်းကြောင့် မြစ်ရေတင် ဖြင့်စိုက်ပျိုးသည့်တောင်သူများ ယခင်နှစ်နွေပဲတီစိမ်းပေါ်ဦးပေါ်ဖျား ဈေးနှုန်းထက် ၃၀၀၀ ကျပ် ဈေးနှုန်းပိုရကြောင်း ပဲတီစိမ်းစိုက်တောင်သူ ဦးကျော်ဆန်းထံကသိရသည်။ နွေပဲတီစိမ်းစိုက် ပျိုးခြင်းအား ဖေဖော်ဝါရီလလယ်လောက်တွင် စတင်စိုက်ပျိုးကြဲပက်ကြကာ စိုက်ပျိုးကြဲပက်ပြီး လေးဆယ့်ငါးရက် ကြာလျှင် ပဲတီစိမ်း အဖူး၊ အပွင့်များ စတင်ဖူးပွင့်ပြီး ရက်ခြောက်ဆယ်(၂) လပြည့်လျှင် ပဲတီစိမ်းစတင်ဆွတ်ခူးရောင်းချကြကြောင်း ထွက်ရှိလာသည့် ပဲတီစိမ်းများအား ပခုက္ကူပွဲရုံများသို့ သွားရောက်ရောင်းချကြကြောင်း သိရသည်။ စိုက်ပျိုးသည့် ပဲတီစိမ်းမျိုးများ မှာ ရေဆင်း-၁၁၊ ရေဆင်း-၁၄ မျိုးများ စိုက်ပျိုးကြကာ တစ်ဧက တင်းနှစ်ဆယ်ထွက်ကြောင်း သိရသည်။

နွေပဲတီစိမ်း တစ်ဧကစိုက်ပျိုးလျှင် မြစ်ရေတင်ရေသွင်းခ ပဲတီစိမ်းဆွတ်ခူးသိမ်းပြီး သည်အထိ တစ်ဧက ၃၀၀၀ ကျပ်သာပေးသွင်းရခြင်းကြောင့် တောင်သူများအခက်အခဲ တစ်စုံတစ်ရာ မရှိကြောင်းသိရပြီး နွေစပါး တစ်ဧကလျှင် စပါးရိတ်သိမ်းပြီးသည်အထိ (၉၀၀၀)ကျပ် သာပေးသွင်းရကြောင်း လက်ပံခြေပေါ် မြစ်ရေတင် တာဝန်ခံဦးစီးမှူး ဦးထွန်းဇော်ထံကသိရ ကာ ပေါ်ဦးပေါ်ဖျားပဲတီစိမ်းတစ်တင်း ၄၂၀၀၀ ကျပ်ထိရောင်းချနေရပြီး ပဲတီစိမ်းလှိုင်လှိုင်ပေါ် ချိန် ၃၉၀၀၀ ကျပ်ဈေးအောက် မရောက်နိုင်ခြင်း ကြောင့် နွေပဲတီစိမ်းစိုက်တောင်သူများတွက် ခြေကိုက်မည့်နှစ်တစ်နှစ်ဖြစ်ကြောင်း ပဲတီစိမ်းစိုက်တောင်သူများထံမှ သိရသည်။

ကိုထိန်၊KPD