ကျောက်ပန်းတောင်း မေ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ (၇၅)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ စိန်ရတုအထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၁၀)နာရီက သာယာအေးရပ်ကွက်ရှိ လေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ လေးရွာဘုန်းတော်ကြီးကျောင်း ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝဏ္ဏိတ အမှူးပြုသည့် သံဃာတော် အရှင်သူမြတ်(၉)ပါးကြွရောက်တော်မူကြပြီး တက်ရောက်လာသည့် ဧည့်ပရိသတ်များက ဆရာတော် ဘဒ္ဒန္တဝဏ္ဏိတ ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ယင်းနောက် ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်စခန်းမှူးနှင့် ဌာနဆိုင်ရာများက သံဃာတော်အရှင်သူမြတ်များထံလှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရေစက်ချအနုမောဓနာ တရားနာကြားကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေကြသည်။ ဆက်လက်၍ ညောင်ဦးခရိုင်မီးသတ်ဦးစီးမှူး နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများက သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြသည်။
အဆိုပါ (၇၅)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ စိန်ရတုအထိမ်းအမှတ် ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်အောင်နှင့် တပ်ဖွဲ့မိသားစုများ၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်စခန်းမှူး ဦးမျိုးပိုင်သူထွေးနှင့် တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)