ပြင်ဦးလွင်မြို့တွင် ( ၇၅ ) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကျင်းပ 

ပြင်ဦးလွင်         မေ     ၅   

၂၀၂၁ ခုနှစ်၊ မေလ  (၅ ) ရက်နေ့တွင် ကျရောက်သည့်  ( ၇၅ )  နှစ်မြောက် စိန်ရတု အထိမ်းအမှတ် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို  ယနေ့နံနက် ၈ နာရီခွဲက ပြင်ဦးလွင်ခရိုင် မီးသတ်စခန်း၌ ကျင်းပပြုလုပ်ရာ  ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အငြိမ်းစား တပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။ 

ရှေးဦးစွာ  ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ  လက်ထောက်ညွှန်ကြားရေးမှူး  ဦးကျော်ဆန်းက  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် သမိုင်းကြောင်းအား ရှင်းလင်း ပြောကြားရာတွင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များကြောင့်  ကမ္ဘာ့နိုင်ငံ အသီးသီးမှာ သဘာဝဘေးအန္တရာယ်များ  နှစ်စဉ်ပိုမိုဖြစ်ပွား ကြုံတွေ့ရလျက်ရှိပြီး မြန်မာနိုင်ငံရဲ့ ရာသီဥတုနှင့် ပထဝီအနေအထားအရ  ဒေသလိုက် မီးဘေး ၊ ရေဘေး ၊ မုန်တိုင်းဘေး ၊ ငလျင်ဘေး ၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး  အစရှိတဲ့ ဘေးအန္တာရာယ်များနှင့် အခြားသော ဓာတုပစ္စည်း၊ ဇီဝပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်းများရဲ့ အန္တရာယ်များလည်း ပိုမိုဖြစ်ပွားလာသဖြင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အနေဖြင့် လူ၊ အထောက်အကူပြု ယာဉ်/စက်ပစ္စည်းတွေနဲ့ နည်းပညာဆိုတဲ့ အခြေပြုကဏ္ဍ (၃) ရပ်ကို ဟန်ချက်ညီအောင် ကြိုတင်ပြင်ဆင် လေ့ကျင့်ထားကြဖို့နဲ့ အမြော်အမြင်ရှိရှိ  စီမံဆောင်ရွက် ထားကြဖို့   ပြောကြားခဲ့သည်။

ဆက်လက်ပြီး  တာဝန်ရှိသူများက  ထူးချွန်ဆုရရှိသော  မီးသတ်တပ်ဖွဲ့ဝင်များအား  ဆုများချီးမြှင့်ခြင်းနှင့်  သက်ကြီးရွယ်အို အငြိမ်းစားတပ်ဖွဲ့ဝင်များအား  ဂါရဝပြုလက်ဆောင်ပေးအပ်ခဲ့ပြီး ကယ်ဆယ်ရေး ဆောင်ရွက်ရာတွင်  အသုံးပြုသည့် အထောက်အကူပြု  ပစ္စည်းများအား ပြသထားပြီး တပ်ဖွဲ့ဝင်များနှင့် စုပေါင်းအမှတ်တရ မှတ်တမ်းရိုက်ကူးခဲ့ကြောင်း သိရသည်။

ခရိုင် ( ပြန်/ဆက် )