တွံတေးမြို့နယ်ရှိ ကာယသုခ မသန်စွမ်းသူများအသင်းသို့ အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

တွံတေး မေ ၅ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်ရှိ မသန်စွမ်း လူငယ်မောင်မယ်များ အတွက် ရွှေမင်းသားဖောင်ဒေးရှင်းမှ ဦးဆောင်ကာ တွံတေးမြို့နယ် ကာယသုခမသန်စွမ်းအသင်းသို့ အခြေခံစားသောက်ကုန်နှင့် အဝတ်အထည်များကို ယနေ့ နေ့လယ် ၁ နာရီက ကာယသုခ မသန်စွမ်းသူများအသင်းရုံး ယာယီရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ တွံတေးမြို့နယ် ကာယသုခမသန်စွမ်းသူများအသင်းမှ မသန်စွမ်းလူငယ်၊ မောင်မယ် (၂၇)ဦးကို အလှူရှင် ရွှေမင်းသားဖောင်ဒေးရှင်းမှ ဆရာဦးမြတ်သူဝင်း ဦးဆောင်ကာ အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ဟင်းခတ်မှုန့်၊ တစ်ခါသုံး သွားတိုက်တံ၊ သွားတိုက်ဆေးနှင့် ကျားဝတ်၊ မဝတ်အင်္ကျီများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ မသန်စွမ်းတစ်ဦးလျှင် ဆန် ၃ ပြည်၊ ဆီ ၂၅ ကျပ်သား တစ်ဘူး၊ အာလူး ၅၀ ကျပ်သား၊ ကြက်သွန် ၅၀ ကျပ်သား၊ ကြက်ဥ ၁၀ လုံး၊ ခေါက်ဆွဲခြောက် ၅ ထုပ်၊ ဟင်းခတ်အမှုန့် ၁ ထုပ်၊ တစ်ခါသုံး သွားတိုက်တံနှင့် သွားတိုက်ဆေးတစ်စုံနှင့် ကျားဝတ်၊ မဝတ်အင်္ကျီများ တန်ဖိုး (၁၃၀၀၀) ကျပ်ဖိုးခန့် လှူဒါန်းပေးခဲ့ပြီး ရွှေမင်းသားဖောင်ဒေးရှင်းမှ ဆရာဦးမြတ်သူဝင်းက ကာယသုခမသန်စွမ်းသူများအား အသင်း ရေရှည်တည်တံ့ရေးအတွက် မသန်စွမ်းသူများ လက်လှမ်းမီပါဝင်ခြင်းဖြင့် ရေရှည်တည်တံရန် အစဉ်ကြိုးပမ်းဖို့ အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။ မျိုးလှိုင် (တွံတေး)