ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကြီးနှင့် တိုက်နယ်ဆေးရုံများ၌ ပြည်သူများအား နေ့စဉ် ကျန်းမာရေးစောင့်ရှောက်ပေးနေ

ကျောက်ဆည်    မေ   ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ကုတင်(၂၀၀)ဆန့်ဆေးရုံကြီးနှင့် တိုက်နယ် ဆေးရုံများ၌ ပြည်သူများအား နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိကြောင်းနှင့် မြို့နယ် အတွင်းရှိ ပြည်သူများသာမကရပ်ဝေး၊ရပ်နီးမှပြည်သူများ၏ ကျန်းမာရေးနှင့်ပတ်၍ လာရောက်ပြသ ကုသကြသော ပြင်ပလူနာများ၊ အတွင်းလူနာများကို ကျောက်ဆည်ဆေးရုံကြီးမှ နေ့စဉ်လက်ခံကုသ ပေးလျှက်ရှိကြောင်း၊ ကျေးလက်ဒေသ တိုက်နယ်ဆေးရုံများတွင်လည်း ကျန်းမာရေး စောင့်ရှောက်မှုများ နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့ ကုတင်(၂၀၀)ဆန့် ပြည်သူ့ဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများနှင့်ကျန်းမာရေးဝန်ထမ်းများက အရေးပေါ် ဌာနကို နေ့/ည မရွေး (၂၄)နာရီ ဖွင့်လှစ် ကုသပေးလျှက်ရှိပြီး အထူးကုဆရာဝန်ကြီးများက မေ(၁၀)ရက်၊ တနင်္လာနေ့နံနက်ပိုင်းတွင် အထွေထွေဖျားနာ အထူးကုသမှုနှင့်နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါများကိုလည်းကောင်း၊ အင်္ဂါနေ့ နံနက်ပိုင်းတွင် ခွဲစိတ်ရောဂါ အထူးကုသမှုနှင့် မျက်စိရောဂါများကို လည်းကောင်း၊ ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် စိတ်ကျန်းမာရေး အထူးကုသမှုကို လည်းကောင်း၊ ကြာသာပတေးနေ့ နံနက်ပိုင်းတွင်အရိုးရောဂါ၊ ကလေးဖျာနာရောဂါ၊ တီဗွီဓာတ်မှန် ရိုက်ပေးခြင်းများကို လည်းကောင်း၊ ဆေးရုံအခြေပြု (၁)နှစ်အောက်ကလေးငယ်များအတွက် ပုံမှန်ကာကွယ်ဆေး ထိုးပေးခြင်း လုပ်ငန်းများကို မေ(၆)ရက်နေ့မှ စတင်ကာ အပတ်စဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် မြို့ပေါ်(၁၀)ရပ်ကွက်၊ ကျေးရွာအုပ်စု(၉၇)အုပ်စုရှိပြီး ပြည်သူများ၏ ကျန်းမာရေးများ စောင့်ရှောက်ပေးနိုင်ရန်အတွက် ကုတင်(၂၀၀)ဆန့် ပြည်သူ့ဆေးရုံကြီး (၁)ရုံ၊ (၂၅)ကုတင်ဆန့် တိုက်နယ်ဆေးရုံ(၃)ရုံနှင့် (၁၆)ကုတင်ဆန့် တိုက်နယ်ဆေးတို့တွင် ပြည်သူများ၏ ကျန်းမာရေး အခြေအနေများကို နေ့စဉ်ကုသစောင့်ရှောက်ပေးလျက် ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)