စစ်တွေ မေ ၄
ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၁/၂၀၂၁ ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ၊ ဒေါက်တာ အောင်ကျော်မင်းက မိမိတို့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်ကိုအဓိကထားပြီး အကောင်အထည်ဖော်ဆောင်ရွက် နေကြခြင်းဖြစ်ကြောင်း၊ စီးပွားရေးဦးတည်ချက်တွင်တစ်ခုအပါအဝင်ဖြစ်သည့် ဈေးကွက်စီးပွားရေး စနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး အချက်ပါဝင်သည်ကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်ရန် အဓိကကျသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍကိုတိုးမြှင့်ပြီး ဝင်ရောက်လာစေရန်အတွက် ခွင့်ပြုမိန့်များကို သေသေ ချာချာစိစစ်ကာ ခွင့်ပြုနိုင်ရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ပြန်လည်ဖွဲ့စည်း ထားပြီးဖြစ်ပါကြောင်း၊ ထိုကဲ့သို့ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ရင်းနှီး မြှုပ်နှံမှုကော်မတီများကို ဖွဲ့စည်းကာတာဝန် ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီ အနေဖြင့်လည်း ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရေးနှင့် စိစစ်ခွင့်ပြုပေးရေးဆိုင်ရာ လုပ်ငန်းများကိုအထူးဦးစားပေး လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သည် ရင်းနှီးမြှုပ် နှံမှုဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းအလာ များစွာရှိပါကြောင်း၊ ထို့ကြောင့် ဒေသအတွက်အကျိုးရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်လာအောင်ဖိတ်ခေါ်ကာ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်လာသည်နှင့်အမျှ မိမိတို့ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတက်လာကာ တည်ငြိမ်အေးချမ်းမှုလည်းရရှိလာ မည်ဟုယုံကြည်ပါကြောင်း၊ ထို့အတူ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု မဖြစ်ပေါ်စေရန်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ရန် အရေးကြီး ပါကြောင်း၊ ခွင့်ပြုပေးထားပြီး ဖြစ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အဆင်ပြေချောမွေ့မှုရှိစေရေးနှင့် စည်းကမ်းတကျ လိုက်နာဆောင်ရွက်နိုင်ရေး တို့အတွက်လည်း ဥပဒေနှင့်အညီ စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်သွားရန်လိုကြောင်းနှင့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင် အားလုံး အနေဖြင့်လည်း မိမိတို့ပြည်နယ်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် တတ်စွမ်းသမျှဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးကြ စေလိုကြောင်းပြောကြားသည်။ ဆက်လက်၍ ကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ထူးမင်းသိမ်းက ရခိုင်ပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေများနှင့် ကော်မတီ၏ လုပ်ငန်းစဉ်များအပေါ် ရှင်းလင်း တင်ပြသည်။ ထို့နောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် များနှင့် အတွင်းရေးမှူးတို့က ပြည်နယ်အတွင်းရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်မည့် အခြေအနေများ နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ် ကော်မတီဥက္က၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌက ပြန်လည်ညှိနှိုင်းဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)