မန္တလေး မေ ၄
မန္တလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များ၏ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို ယနေ့နေ့လယ်၁၂နာရီက အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
တွေ့ဆုံပွဲတွင် မန္တလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက အမှာစကားပြောကြားရာ လုပ်ငန်းရှင်များအနေဖြင့်သွားရေးလာရေးအခက်အခဲများ၊ ဈေးများ၊ရပ်ကွက်များထဲတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ကူညီဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန်နှင့် လုပ်ငန်းရှင်များ ယနေ့ကြုံတွေ့နေရသည့် အခက်အခဲများကို သိရှိလိုသည့်အတွက် လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ထို့အတွက်လုပ်ငန်းရှင်များက မိမိတို့ကြုံတွေ့ နေရသည့် အခက်အခဲများကို တင်ပြပေးစေလိုကြောင်းတို့ကို ပြောကြားသည်။
ထို့နောက်တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက ဆိုင်များဖွင့်ချိန်ကို ညပိုင်း၌ ဆိုင်ပိတ်ချိန်အားည၈နာရီအစားည၁၀နာရီ(သို့မဟုတ်)၁၁နာရီအထိအချိန်တိုးမြှင့်ဖွင့်ပေးစေလိုကြောင်း၊ လျှပ်စစ်မီတာအစရှိသော မီတာခများအား လျှော့ပေါ့ကောက်ခံပေးရန်နှင့် မီတာခများနှင့်အခြား အခွန်အခများအားပြန်လည် ကောက်ယူမည်ဆိုပါက ကောက်ယူရန် ကျန်ရှိနေသော လများအတွက် တစ်လုံးတည်းကောက်ယူခြင်း မပြုလုပ်ဘဲ အရစ်ကျစနစ်ဖြင့်သာ ကောက်ယူပေးစေ လိုကြောင်း၊ သွားလာရေးအဆင်ပြေစေရန်အတွက် လမ်းများပိတ်ထားမှုများကိုလည်း ပြန်လည်ဖွင့်လှစ် ပေးစေလိုကြောင်း စသည်ဖြင့် လုပ်ငန်းရှင်များက ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြဆွေးနွေးကြသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဝင်းရွှေနှင့် အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး သော်တာထွေးတို့က လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများကို သိရှိရသည့်အတွက် တတ်နိုင်သည့်ဘက်မှ ပြေလည်အောင် ကူညီဖြေရှင်းပေးသွားမည်ဖြစ်ကြောင်းတို့ကို အသီးသီး ပြန်လည် ရှင်းလင်း ဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ မန္တလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်(၁)၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြို့ဆောင်နှင့်အဖွဲ့ဝင်များ၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် များ၏ ပိုင်ရှင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
ဇော်လင်းဦး(အောင်စံ)