တံတားဦး မေ ၄
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရန်နှင့် ရာသီဥတုဖောက်ပြန်မှုမှကာကွယ်ရန် မိုးရာသီ သစ်ပင်စိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း(၁)သိန်းကျော် ပြုစုပျိုးထောင်ထားရှိသည် ။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာကုက္ကို ၊ ရှား ၊ မဲဇလီ ၊ ကျွန်း ၊ သစ်မာ ၊ယူကလစ် ၊ ရင်းမာအစ ရှိသည့် အရိပ်ရသစ်ပင်များပြုစုပျိုးထောင်ထားရှိပါကြောင်း မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေး ဦးစီးဌာနအနေဖြင့် ကျေးရွာသုံးစိုက်ခင်းအဖြစ် ရုံးတောကျေးရွာတွင် ဧက(၅၀) ၊ တောင်တန်းစိုက်ခင်း အဖြစ် ဧက(၂၀) ၊ အခြားစိုက် ခင်းအဖြစ် ဧက(၄၀) အဖြစ်စိုက်ပျိုးရန် ဆောင်ရွက်ထားပါကြောင်း ဒါ့အပြင် အထူးစိမ်းလန်းစိုပြေရေလုပ်ငန်းအဖြစ် ပျိုးပင်ပေါင်း (၆၀၀၀)ကျော်နှင့် နွားခြံကြီးကုန်း ကျေးရွာတွင် ပြည်သူဗဟိုပြု စိုက်ခင်းအဖြစ်ဆောင်ရွက်ရန် ကျွန်းပျိုးပင်ပေါင်း (၁၀၀၀)ကို ပြုစု ပျိုးထောင် ထားပါကြောင်း တစ်ရွာတစ်ဧက စိုက်ခင်းအဖြစ် ချောင်းဆုံကျေးရွာကို တစ်အိမ်ထောင် ကျွန်းသုံးပင်နှင့် သစ်မာ(၂၀)ပင်တို့ စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြေရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဇင်ထွန်းမှ ပြောကြား၍ သိရသည် ။
တံတားဦးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနအနေဖြင့် စိုက်ခင်းများတည်ထောင်ခြင်း ၊ သဘာဝတောကျန်များ ထိန်းသိမ်းခြင်း ၊ ထင်းအစား အခြားလောင်စာများ တိုးမြှင့်သုံးစွဲခြင်းနှင့် ရေရရှိရေး စသည့် အဓိကလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်းသိရှိရသည်။
ရဲတင့်(တံတားဦး)