ညောင်ဦး မေ ၄
မန္တလေးတိုင်းဒေသကြီး ကျောက်ဆယ်ခရိုင်အတွင်းမြို့နယ်/ကျေးရွာများမှထွက်ရှိသည့် စိန်တစ်လုံး သရက်သီးမှည့်များ ပခုက္ကူဈေးကွက်နှင့်ညောင်ဦးဈေးကွက်သို့ဈေးနှုန်း ချိုသာစွာဖြင့် စတင်ဝင်ရောက် လာနေပြီဖြစ်ကြောင်း သရက်သီးမှည့်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံက သိရသည်။
ကျောက်ဆည်ဒေသထွက် စိန်တစ်လုံးသရက်သီးမှည့်များ အခါတိုင်းနှစ်များတွင် မူဆယ်၊ ရွှေလီဘက်သို့ တင်ပို့ရောင်းချခဲ့ရာမှ ယခုနှစ်သရက်သီးမှည့်ပေါ်ချိန် ညောင်ဦးမြို့၊ ပခုက္ကူမြို့ ဈေးကွက်များသို့ သွားရောက်ရောင်းချလာခဲ့ကြောင်း၊ မနှစ်က စိန်တစ်လုံး အိတ်စွပ်တစ်လုံး ၅၅၀ ကျပ်ရောင်းချခဲ့ရပြီး ယခုနှစ်အိတ်စွပ်ဆယ်လုံးဈေး ၃၅၀၀ ကျပ်သာ ရောင်းချနေရကြောင်း၊ အိတ်မစွပ်သည့် စိန်တစ်လုံးသရက်များ တစ်လုံး ၂၀၀ ကျပ်တန်နှင့် ၁၀၀ ကျပ်တန်ထိ ဈေးနှုန်းချိုသာစွာ ရောင်းချနေကြောင်း ကျောက်ဆည်မြို့နယ်မီးကျောင်း တက်ကျေးရွာမှ စိန်တစ်လုံးသရက်ခြံပိုင်ရှင် ဦးမောင်လေးက ပြောသည်။
ယခုနှစ်တွင် စိန်တစ်လုံးသရက်များ အဖူးဖူး အပွင့်ပွင့်ခြင်းအား ကောင်းခဲ့သော်လည်း အသီးတင်ချိန် သီးကင်းတင်မှုနည်းပါးခဲ့ကာ စိန်တစ်လုံးသရက်မျှော်မှန်းသလောက် မသီးခဲ့ကြောင်း၊ စိန်တစ်လုံး သရက်ပင်များ အရွက်နုထွက်ခြင်းနှင့် အသီးမတင်ခြင်းများကြောင့် စိန်တစ်လုံးသရက် ခြံပိုင်ရှင်များ တွက်ခြေမကိုက်သည့်နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း သိရသည်။
သရက်ပင်များအဖူးဖူးအပွင့်ပွင့်ခြင်းသည် အညာဒေသတွင် တန်ဆောင်မုန်း၊နတ် တော်လတို့တွင် စတင်အဖူးဖူးအပွင့်ပွင့်ကြောင်း၊ သရက်ပွင့်များလှိုင်လှိုင်ပွင့်ချိန်တွင် မိုးအုံ့ ပါကလည်း အစေး(စီး)များ ထွက်ကာ သရက်ပွင့်များပျက်စီးပြီး အသီးသီးမှုလျော့နည်းကြောင်းလည်းသိရသည်။ စိန်တစ်လုံး သရက်သီးများ စတင်အသီးကင်းဖြစ်ပြီး အတော်အတန် ရင့်ချိန်တွင် စိုက်ပျိုးရေးမှထုတ်လုပ်ထားသည့် စက္ကူအိတ်များဖြင့်သရက်သီးတစ်လုံး တစ်အိတ်စွပ် ထားရကြောင်း၊ သို့မှသာ သရက်သီးရင့်မှည့်ချိန် အရောင်အသွေးလှပပြီး ရောင်းတန်းဝင် သရက်သီးများ ဖြစ်လာကြောင်း၊ စက္ကူအိတ်မစွပ် သည့်သရက်သီးများ ခြင်ပိုးထိုးခြင်းနှင့် လိပ်ပြာစုပ်ခြင်း၊ ဖြုတ်ပိုးထိုးခြင်း၊ ရှဉ့်စားခြင်း၊ လင်းနို့စားခြင်းများကြောင့် ပျက်စီးကြကြောင်း သိရကာ ကျောက်ဆည်ဒေသထွက် စိန်တစ်လုံးသရက်များ ပခုက္ကူဈေးကွက်နှင့် ညောင်ဦးဈေးကွက်သို့ ဈေးနှုန်းချိုစွာ ရောင်းချနေကြကြောင်း စိန်တစ်လုံး သရက်သီးမှည့် ရောင်းချနေသူများထံက သိရသည်။
ကိုထိန်၊KPD