ပုဗ္ဗသီရိမြို့နယ်၊ ခုတင် ၃၀၀ ဆံ့ဆေးရုံကြီး၌ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု လက်ခံကုသပေးလျက်ရှိ

ပုဗ္ဗသီရိ  မေ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ခုတင် (၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ခုတင်(၃၀၀)ဆံ့ ဆေးရုံအုပ် ဒေါက်တာ သီတာစိုး အပါအဝင် ကျန်းမာရေးဝန်ထမ်း (၁၈၀)ဦးခန့်ဖြင့် နေ့ညမပြတ် လူနာများအား လက်ခံကုသပေးလျက်ရှိသည်။

ပုဗ္ဗသီရိမြို့ ကုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများက အရေးပေါ်ဌာနကို နေ့ညမပြတ် ပုံမှန်ဖွင့်လှစ်ကုသစောင့်ရှောက်ပေးလျက်ရှိသည့်အပြင် အထူးကုဆရာဝန်ကြီးများမှ ပြင်ပလူနာများကို  မျက်စိရောဂါအတွက် အင်္ဂါနေ့နှင့် ကြာသပတေးနေ့ နံနက် (၉)နာရီမှ (၁၁)နာရီအထိလည်းကောင်း၊ ကလေးရောဂါအတွက် ကြာသပတေးနေ့ နံနက် (၉)နာရီမှ (၁၁)နာရီအထိလည်းကောင်း၊ သွားရောဂါအတွက် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့ နံနက် (၉)နာရီမှ (၁၁)နာရီအထိလည်းကောင်း၊ ကြည့်ရှုပေးလျက်ရှိပြီး အထွေထွေရောဂါများကိုလည်း နေ့စဉ်လက်ခံကုသပေးလျက်ရှိသည်။

ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလတစ်လျောက်လုံးတွင်လည်း  သံသယလူနာများနှင့် ပိုးတွေ့လူနာများကို သီးသန့်လူနာဆောင်(၃)ခုထားရှိပြီး လက်ခံကုသ ပေးလျက်ရှိသည်။

ပုဗ္ဗသီရိမြို့နယ်တွင် ခုတင်(၃၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးအပြင် သွားနှင့်ခံတွင်း အထူးကုဆေးရုံကြီးမှာလည်း အစိုးရရုံးပိတ်ရက်များမှအပ နေ့စဉ်နံနက်(၉)နာရီမှ ညနေ (၄)နာရီအထိ ဖွင့်လှစ်ကုသပေး လျက်ရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)