မန္တလေး မေ ၄
(၇၅)နှစ်မြောက် စိန်ရတု မီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေး လှူဒါန်းပွဲကို ယနေ့ နံနက် ၉နာရီက မန္တလေး၊ အထွေထွေရောဂါကုဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်တွင် ကျင်းပသည်။
ယင်းသွေးလှူဒါန်းမှုအား တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီး သွေးလှူဘဏ် တာဝန်ရှိသူများမှ လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်၍ သွေးဖောက် လက်ခံရယူခဲ့သည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲတွင် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းနှင့် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များမှ ဦးစီးမှူးများနှင့် တပ်ဖွဲ့ဝင်များ၊ မန္တလေးခရိုင် အရန်မီးသတ်တပ်ဖွဲ့ ကြီးကြပ်ရေး ကော်မတီဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ဦးတို့မှ သွေးများ လှူဒါန်းခဲ့ကြောင်း သိရသည်။
တင်လင်းထက်