ပုပ္ပားဒေသထွက် စိန်တလုံးသရက်သီး ယခင်နှစ်များထက်ဝယ်လိုအားကျဆင်း

ကျောက်ပန်းတောင်း    မေ   ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားဒေသထွက် စိန်တလုံးသရက်သီးများ အသီးပေါ်စပြုနေပြီ ဖြစ်သော်လည်း ယမန်နှစ်များလောက် သီးအားမကောင်းသည့်အပြင် လုပ်ငန်းအခြေအနေအရ ဝယ်လိုအားကျဆင်းမှုနှင့်ပါ ရင်ဆိုင်နေကြရကြောင်း ဒေသခံ သရက်စိုက် တောင်သူတစ်ဦးကပြောသည်။

ပုပ္ပားတောင်မကြီး၏ မြောက်ဘက်စောင်းကျေးရွာများဖြစ်သော နတ်ကန်လည်ကျေးရွာ၊ လျှော်တောကျေးရွာ၊ ဆည်ကျေးရွာ၊ ဆီးမကျေးရွာနှင့် ပျဉ်မကြီး/လယ်ကျင်းခေါင်းကျေးရွာများတွင် စိန်တလုံးသရက်သီးကို ခြံများဖြင့် နှစ်စဉ် စီးပွားဖြစ် စိုက်ပျိုးရောင်းချကြခြင်းဖြစ်ပြီး ယမန်နှစ်က နောက်ပိုင်းမိုးရွာသွန်းမှုနည်းသဖြင့် ယခုနှစ်တွင် အပင်များ အသီးအားကျဆင်းခဲ့ ကြောင်းသိရသည်။

အပင်သီးအားနည်းသည့်အပြင် လက်ရှိ ဖြစ်ပေါ်နေသောအခြေအနေများနှင့် ကိုဗစ်ကာလ ကန့်သတ်မှုများကြောင့် အရောင်းအဝယ်လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရန် အားယူနေကြရဆဲ ဖြစ်သဖြင့် ဝယ်လိုအား မှာလည်းယခင်နှစ်များကဲ့သို့ အပြိုင်အဆိုင်ဝယ်ယူခြင်းမရှိသေးဘဲ၊ ဝယ်လိုအားကျဆင်းနေကြောင်းလည်းသိရသည်။

“မနှစ်က နောက်ပိုင်းမိုးက အတော်နည်းသွားတယ်ဗျ…ကျွန်တော်တို့ ရွာတွေဘက်ကလည်း တောင်ကျော်မိုးလာမှ ရေကရတာလေ…မိုးကလည်းတော်ရုံနဲ့ ဒီတောင်ကိုမကျော်နိုင်ဘူး…။ နောက်ပိုင်းမိုးနည်းသွားတော့ ဒီနှစ်သရက်ပင်တွေက အသီးအားနည်းသွားတာပေါ့ဗျာ…။ အရင်နှစ်က အိပ်(၅)သောင်းလောက်စွပ်ရတဲ့အပင်က ဒီနှစ်မှာ အိပ်(၄)သောင်းလောက်ပဲ စွပ်ရတယ်…။ ရေနားနီးပြီး ရေလောင်းပေးနိုင်တဲ့ ခြံတွေကတော့ အသီးမဆိုးပါဘူး…ခက်တာက ခုချိန်ထိ အဝယ်မလိုက်သေးတာဘဲဗျ…။

ခါတိုင်းဒီအချိန်ဆို ခြံပြတ်ရောင်းတဲ့လူတွေ တော်တော်များများရောင်းပြီးနေပြီ…ဒီနှစ်ကတော့ လုံးကောက်ရောင်းဖို့ကို လူမျှော်နေရတယ်…။ ကျောက်ပန်းတောင်းမြို့ပေါ်နဲ့ ပခုက္ကူမြို့ကဘဲ လာဝယ်သေးတယ်…ဒါပေမဲ့ အပင်တွေကလည်း မိုးမညီတော့ တစ်ချို့အပင် တွေစွပ်ရောင်းနေရပေမဲ့…တစ်ချို့က ခုမှ အိပ်စွပ်ရတုံး ရှိပါသေးတယ်…ကျွန်တေ်လည်း ဒီနေ့မှ အိပ်စွပ်ရတာဘဲ….ဝယ်လို အားကျတဲ့အချိန်နဲ့ အသီးလှတဲ့ အချိန်နဲ့ ကိုက်ပြီးဈေးကောင်းရပါစေလို့ ဆုတောင်းရတာဘဲဗျာ…” ဟု နတ်ကန်လည်ကျေးရွာ မှ သရက်စိုက်တောင်သူတစ်ဦးဖြစ်သူ ဦးမောင်ဝင်းက ပြောသည်။

အဆိုပါကျေးရွာများတွင် ယခုလိုသရက်သီးပေါ်ချိန်တွင် အိပ်စွပ်လုပ်သားများနှင့် သရက်သီးခူး လုပ်သားများ နေ့စဉ် ဝင်ငွေရရှိ၍ လုပ်ငန်းအဆင်ပြေကြပြီး တစ်နေ့လုပ်အားခအနေဖြင့် အမျိုးသားတစ်ဦးလျှင် ငွေကျပ်(၈၀၀၀)ရရှိကြကြောင်း၊ အမျိုး သမီးတစ်ဦးလျှင်ငွေကျပ် (၄၀၀၀)ရရှိကြကြောင်းသိရသည်။ ယခင်နှစ်များက ရန်ကုန်၊ တောင်ကြီး၊ ပခုက္ကူ၊ မိတ္ထီလာ အစရှိသည့် မြို့များမှ ခြံပြတ်ဝယ်ယူသည်များရှိသော်လည်း ယခုနှစ်တွင် ခြံပြတ်ဝယ်ယူသူမရှိသေးပဲ လုံးကောက်ကိုသာ အလုံးအကြီးအသေးပေါ်မူတည်၍ တစ်လုံးလျှင် ၁၀၀ကျပ်မှ ၁၂၅ ကျပ် စသည်ဖြင့် စွပ်ခူးရောင်းချနေကြရကြောင်းသိရပြီး ယခင်နှစ်များက သရက်သီးအိပ်(၅)သောင်း စွပ်ထားသည့် ခြံတစ်ခြံကို ငွေကျပ်သိန်း(၁၅၀)ဖြင့် ခြံပြတ်ရောင်းချကြရကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)