ကျောက်ဆည်မြို့နယ်တွင် နွေသီးနှံမျိုးစုံ လျာထားဧကထက် (၄၂၁၅)ဧက ပိုမိုစိုက်ပျိုးနိုင်ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ကျောက်ဆည်   မေ  ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆည်ရေပေးဝေနိုင်သည့် အခြေအနေအပေါ် မူတည်၍ စီမံကိန်းနွေသီးနှံများ လျာထားစိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိသော်လည်း  ယခုနှစ်တွင်  ကျောက်ဆည်မြို့နယ်အနေဖြင့် နွေသီးနှံများစိုက်ပျိုးရာတွင် စီမံကိန်းသီးနှံဧကထက် (၄၂၁၅)ဧက ပိုမို စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် နွေနှမ်းစီမံကိန်းစိုက်ဧက (၁၂၆၉၁)ဧက တွင် မြေပြင်အမှန် စိုက်ပျိုးဧကမှာ (၁၄၁၇၆)ဧက၊ နွေပဲတီစိမ်း စီမံကိန်းစိုက်ဧက(၁၈၀၉)ဧကတွင် မြေပြင်အမှန်စိုက် ဧက(၃၃၁၆)ဧကနှင့် စီမံကိန်းတွင်မပါဝင်သော်လည်း ငရုတ်သီးနှံမြေပြင်စိုက်ဧက (၁၂၁၈)ဧက၊ ဟင်းသီးဟင်းရွက် (၅)ဧကတို့ အသီးသီး စိုက်ပျိုးထားကြောင်း မြို့နယ်မြေယာ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် နွေသီးနှံမျိုးစုံ စိုက်ပျိုးရာတွင် စီမံကိန်းလျာထား စိုက်ဧကများထက် နှမ်း(၃၄၈၅)ဧက၊ ပဲတီစိမ်း(၅၀၇)ဧက၊ ငရုတ်(၁၂၁၈)ဧက၊ ဟင်းသီး/ဟင်းရွက်(၅)ဧက စုစုပေါင်း(၄၂၁၅)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး နွေသီးနှံများအောင်မြင်ဖြစ်ထွန်းလျက်ရှိကာ နွေနှမ်း စိုက်ပျိုးမှုများ နှင့်ပတ်သက်၍ ကျေးရွာမြေအများစုက မြေအစိုဓာတ်ထိန်းနိုင်ပြီး မြေဆီကောင်းသည့် အတွက် စိုက်ပျိုးရေ အသင့်အတင့်ရရုံဖြင့် စိုက်ပျိုးနိုင်ခြင်းကြောင့် စီမံကိန်းသီးနှံစာရင်းတွင် မပါသော်လည်း နွေနှမ်းများ စိုက်ပျိုးထားကြောင်းနှင့်  စိုက်ပျိုးထားသော နွေနှမ်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း မုန့်ပေါင်းကျေးရွာမှ တောင်သူ ဦးမောင်မောင်က ပြောကြားချက်အရ သိရသည်။

သက်မောင်(ကျောက်ဆည်)