တောင်ကြီး မေ ၃
ရှမ်းပြည်နယ်အတွင်းရှိ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးများတွင် ပြည်နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများသာမက ရပ်နီးရပ်ဝေးမှ တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေး ဆိုင်ရာကိစ္စများ၊ ကာကွယ်ကုသရေးဆိုင်ရာကိစ္စများနှင့် အရေးပေါ်ကျန်းမာရေး ကိစ္စများကို ကျန်းမာရေး ဝန်ထမ်းများက ကုသစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့ ခုတင် ၅၀၀ ဆန့် စဝ်စံထွန်းဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်သိန်း ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ အထူးကုဆရာ၀န်ကြီးများက ဒေသအတွင်း ပြည်သူများ၏ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကာကွယ်/ကုသခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိရာ ဆေးကုသဆောင်နှင့်သက်ဆိုင်သော အရေးပေါ်ကုသမှုဌာန (ပြင်ပလူနာ)၊ သွားနှင့်ခံတွင်းကုသမှုဌာန၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲဌာန နှင့် ကျောက်ကပ်ဆေးဌာန တို့ကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ထိ ရုံးချိန်အတွင်း၌ လည်းကောင်း၊ မျက်စိအထူးကုဌာနကို အပတ်စဉ် အင်္ဂါ ၊ ကြာသပတေး ၊ သောကြာနေ့ များ၏ ရုံးချိန်အတွင်း၌ လည်းကောင်း၊ ဆီးချိုအထူးကုဌာန နှင့် စိတ်ကျန်းမာရေးနှင့် မူးယစ် ဆေးစွဲကုသဌာနကို အပတ်စဉ် သောကြာနေ့တိုင်း ရုံးချိန်အတွင်း၌ လည်းကောင်း၊ ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ကာကွယ်ကုသ စောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ခုတင် ၅၀၀ ဆန့် ဆေးရုံကြီးတွင် ဆေးရုံ အုပ်ကြီး ဒေါက်တာဉာဏ်မြင့်၏ ဦးဆောင်မှုဖြင့် ဓာတ်မှန်အထူးကုဆရာဝန်ကြီး ဒေါက်တာသန်းသန်းစိုး၊ သားဖွားမီးယပ်အထူးကုဆရာ၀န်ကြီး ဒေါက်တာနန်းအိမွန်လင်း ၊ ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာမေသွယ်စု၊ ကလေးအထူးကုဆရာ၀န်ကြီး ဒေါက်တာမိုးကျော် တို့က ဒေသခံပြည်သူများ၏ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား စစ်ဆေးခြင်း၊ ကာကွယ်ကုသစောင့်ရှောက်ခြင်းလုပ်ငန်းများ နေ့စဉ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။
ထို့အတူ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံအထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ဆီးချို ဝေဒနာရှင်များအတွက် တနင်္လာနေ့၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များတွင် လည်းကောင်း၊ ဖျားနာကုသမှု အတွက် အထွေထွေရောဂါကုသမားတော်မှ လည်းကောင်း၊ အရိုးအကြော ဝေဒနာရှင်များအတွက် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့၊ သောကြာနေ့များတွင်လည်းကောင်း၊ ခွဲစိတ်ကုသမှု ခံယူနိုင်ရန်အတွက် တနင်္လာ၊ ဗုဒ္ဓဟူးနေ့များ တွင်ခွဲစိတ်အထူးကုဆရာဝန်ကြီးမှ လည်းကောင်း၊ အမျိုးသမီး ရောဂါများအတွက် တနင်္လာနေ့၊ အ င်္ဂါနေ့များတွင် သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးကလည်းကောင်း၊ ကလေးငယ်များ နှင့် ပတ်သက်သည့် ရောဂါများအတွက် ကြာသပတေးနေ့နှင့်သောကြာနေ့များတွင် ကလေးအထူးကု ဆရာဝန်ကြီး ကလည်းကောင်း သတ်မှတ်နေ့ရက်များတွင်နံနက် ၉နာရီမှ ၁၂နာရီထိ ကုသပေးလျက် ရှိကြောင်းသိရပြီး ရှမ်းပြည်နယ်အတွင်းရှိကျန်းမာရေးစောင့် ရှောက်မှုခံယူရန် လိုအပ်သည့် ရပ်နီးရပ်ဝေးမှ ဒေသခံ တိုင်းရင်းသားပြည်သူလူထုများများအနေဖြင့် ဖေါ်ပြပါ ဆေးရုံကြီးများတွင် မိမိတို့၏ ကျန်းမာရေးဆိုင်ရာကိစ္စများအား စစ်ဆေးခြင်းကာကွယ်ကုသခြင်း ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူနိုင်ကြောင်း သိရသည်။
ပြည်နယ် ပြန်/ဆက်