ဘူးသီးတောင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲနှင့် စံပြ မြစိမ်းရောင် စီမံကိန်းကျေးရွာ ရွေးချယ်ခြင်းအခမ်းအနားကျင်းပ

ဘူးသီးတောင်  မေ  ၃

မြစိမ်းရောင်ကျေးရွာစီမံကိန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲနှင့် စံပြမြစိမ်းရောင်စီမံကိန်းကျေးရွာ ရွေးချယ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးရွှေလှအောင်က အမှာစကားပြောကြားပြီး မြို့နယ် မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဦးဦးထွန်းလှိုင်က မြစိမ်းရောင် ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေးပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် စီမံကိန်းဆောင်ရွက်နေမှုများအပေါ် အားနည်းချက်၊ အားသာချက်များနှင့် ပတ်သက်၍ မြို့နယ် အတွင်းအကောင်အထည်ဖော်ဆောင်ရွက်နေသော မြစိမ်းရောင်ကျေးရွာစီမံကိန်း ၃၉ ယူနစ်၊ ကျေးရွာ ၆၃ ရွာမှ မြစိမ်းရောင်ကော်မတီဝင်များက တက်ရောက်ဆွေးနွေးကြသည်။ ဆွေးနွေး ချက်များကို အဖွဲ့လိုက် ဆွေးနွေးတင်ပြကြကာ အကြံပြုချက်များအား မြို့နယ်မြစိမ်းရောင် ကျေးရွာ စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။ ထို့နောက် မြို့နယ်အတွင်း ဆောင်ရွက်နေ သည့် မြစိမ်းရောင်စီမံကိန်းကျေးရွာများအနက် စီမံကိန်းအကောင်းဆုံး ဆောင်ရွက်နိုင်မှု စံပြ ပထမဆုရရှိသော မြို့မစေတီတောင်ကျေးရွာနှင့် ဒုတိယဆု ရရှိသော ငကျည်တောက်ကျေးရွာတို့ကို တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ပေးအပ် ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)