မိုင်းဆတ်မြို့၌ မုန်းကျက်ချောင်းရေစီးရေလာကောင်းမွန်စေရန်သဲနုန်းတူးဖော်မှုအခြေအနေအား ကွင်းဆင်း စစ်ဆေး

မိုင်းဆတ် မေ ၃ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မုန်းကျက်ချောင်းရေစီးရေလာကောင်းမွန်စေရန်သဲနုန်း တူးဖော်မှု အခြေအနေအား ယမန်နေ့မွန်းတည့်(၁၂)နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးမှူး ဦးကျော်ခိုင်မြင့် နှင့် တာဝန်ရှိသူတို့က မုန်းကျက်ချောင်းအတွင်း၌ ယခင်နှစ်မိုးရာသီကာလများက မိုးရွာသွန်းကာ တောင်ကျ ချောင်းများမှ မျောပါလာသောသဲနုန်းများ တင်ကျန်ကာ ရေကြီးလျံမှုများဖြစ်ပေါ်ပြီး ဒေသခံပြည်သူများ ခရီးသွားလာမှုအခက်အခဲများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် သဲနုန်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ သဲနုန်းတူးဖော်ခြင်းလုပ်ငန်းအား ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာန၊ ၂၀၂၀-၂၀၂၁ ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ်သန်း(၁၀၄ ဒဿမ ၀၅)သန်းဖြင့် အရှည်ပေ(၅၀၀၀) မုန်းကျက်ချောင်းသဲနုန်း တူးဖော်ခြင်း လုပ်ငန်းအား တင်ဒါအောင်မြင်သည့် သုံးယိင်းဟွားဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။ မြင့်မောင်(ပြန်/ဆက်)