ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော် လှူဒါန်း

တောင်ကြီး မေ ၃

ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ နောင်တောင်း ပရဟိတ တပ်ဉီးဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆွမ်းဆန်အိတ်(၃၀၀)နှင့် ဝတ္ထုငွေ(၁၀)သိန်း ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် (၉)နာရီခွဲ အချိန်က အဆိုပါဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဆရာတော်သံဃာတော်များ နှင့် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း အမှူးပြုသော ဧည့်ပရိတ်သတ်တို့မှ နမောတဿ  သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ နောင်တောင်းပရဟိတ တပ်ဉီးဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်း၊ ပဓာန နာယက ပြည်နယ်ဘုန်းတော်ကြီးသင်ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဘဒ္ဒန္တရာဇိန္ဒသိရီထံမှ ငါးပါးသီလခံယူဆောက် တည်ကြပြီး ဆရာတော်များ ရွတ်ပွားချီးမြှင့်အပ်သော ပရိတ်တရားတော်မြတ်ကို နာယူကြသည်။

ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များက ဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက ဆွမ်းဆန်အိတ်(၃၀၀) နှင့်ဝတ္ထုငွေ(၁၀)သိန်း ပေးအပ်ရာ ဂေါပကအဖွဲ့ဝင် ဉီးခွန်မောင်ဖြူမှ လက်ခံရယူ၍ နောင်တောင်း ဆရာတော်က ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားချီးမြှင့်၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရှိရသည်။

 မောင်မောင်သန်း(တောင်ကြီး)