ပြည်တွင်းဈေးကွက်တွင် သရက်သီးများ ရောင်းဝယ်မှု ပုံစံပြောင်းလာ

မန္တလေး      မေ    ၂

ပြည်တွင်းဈေးကွက်တွင် သရက်သီးရောင်းဝယ်မှုပုံစံများပြောင်းလာပြီး အွန်လိုင်းမှ ဈေးကွက်ရှာ၍ ရောင်းဝယ်မှုများမှာ သိသာစွာလျော့နည်းလာကြောင်း   မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း(မန္တလေး)မှ တာဝန်ရှိသူတစ်ဦးထံကသိရသည်။

"ဒီနှစ် သရက်သီးရောင်းဝယ်မှုပုံစံက မူဆယ်ပို့တာတွေလျှော့ချလိုက်ပြီး မူဆယ်ပို့တဲ့အတိုင်း ခြင်းနဲ့ဂျပ်ဖာတွေကို ပြည်တွင်းကမြို့တွေဆီပို့ကြတဲ့စနစ်လေးလည်း ပေါ်လာတယ်၊ အရင်က တောင်းတွေနဲ့ရောင်းတာရှိတယ်၊ အခု ခြင်းတွေဂျပ်ဖာတွေနဲ့ပါတင်ရောင်းတယ်၊ ခြင်းပြတ် ဂျပ်ဖာပြတ် ဈေးဖြတ်ပြီး ပွဲခပဲယူသွားတာရှိတယ်၊ အရင်က အင်တာနက်ရတဲ့အတွက် အွန်လိုင်း ဈေးကကျယ်ပြန့်တယ်၊ အခု အင်တာနက်လိုင်း Wifi တွေမရတော့ အွန်လိုင်းဈေးကွက်က နည်း သွားတယ်၊ ဖိုက်ဘာအင်တာနက်ရှိတဲ့သူတွေပဲသုံးရတော့ အွန်လိုင်းဈေးကွက်က နည်းသွားတယ်" ဟု မြန်မာ့သရက်ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း(မန္တလေး)အထွေထွေအတွင်း ရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း သရက်သီးစိုက်ဧက သုံးသောင်းကျော်ရှိပြီး မြန်မာတစ် နိုင်ငံလုံးအတိုင်းအတာအနေဖြင့် သရက်သီးများကို ဧပြီလလယ်မှ ဇူလိုင်လဝန်းကျင်အထိ ထွက်ရှိ ကြောင်း၊ ယခုနှစ်သရက်သီးပေါ်ချိန်တွင် ပြည်ပတင်ပို့နိုင်မှုလမ်းကြောင်းများပေါ်များစွာမူတည် ကြောင်း၊ မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ပြည့်ပပို့သရက်သီးများကို တရုတ်ပြည်သို့ မူဆယ် နယ်စပ်ကတဆင့် အများဆုံးတင်ပို့ကြောင်းသိရသည်။

"ပြည်တွင်းဈေးကွက်အစပိုင်းမှာ ရန်ကုန်ဈေးကွက်လည်းကောင်းတယ်၊ မန္တလေးဈေးကွက်လည်း ကောင်းတယ်၊ အခုလည်း လက်ရှိတစ်လုံးကို တောင်းပြတ်ဈေးအများဈေးနဲ့ ရောင်းချလိုက်ရင်တော့ အိတ်စွပ်သီး တစ်လုံးကို သုံးရာငါးဆယ်ဝ လေးရာကျပ်ရတယ်၊  ပြည်ပဈေး ကွက်ကတစ်လုံးကို သုံးရာငါးဆယ်ဂရမ်လောက်ဖြတ်တယ်၊ အခုချိန် ပြည်ပဈေးကွက်က လိုက်မဝယ်သေးဘူး၊ သရက်သီးလှိုင်လှိုင်ပေါ်ချိန် မေလဆန်းလောက်က စပြီးဝယ်တာများတယ်၊ ဒီနှစ်ကတော့ လောလောဆယ် အဓိကတရုတ်ဘက်ပဲသွားတယ်၊ အရင်နှစ်တွေကတော့ တရုတ်၊ စင်ကာပူ၊ ရှရှားသွားတယ်၊ ဒီနှစ်က အဲဒီအတွက် ပြင်ဆင်တုန်းရှိသေးတာ" ဟု မြန်မာ့သရက် ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း(မန္တလေး)မှ အထွေထွေအတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။

သရက်သီး (အိတ်စွပ်)တစ်လုံးလျှင် ၃၅၀ ကျပ်မှ ၅၀၀ ကျပ်ဝန်းကျင်ရှိကြောင်း၊ သရက် အစေ့စိုက်အပင် တစ်ပင်လျှင် ၄၀၀ ကျပ် ၅၀၀ ကျပ် ဝန်းကျင်ရှိပြီး သရက်ကိုင်းကူးအပင် တစ်ပင်လျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်ဝန်းကျင်ရှိကြောင်း၊ သရက်အစေ့စိုက်တစ်ပင်သည် စိုက်ပြီး သုံးနှစ် ကြာအသီးသီးပြီး သရက်ကိုင်းကူး အပင်တစ်ပင်လျှင် တစ်နှစ်(သို့မဟုတ်) နှစ်နှစ်ကြာတွင် သရက် သီးရရှိကြောင်း၊ ယခုနှစ်တွင် သရက်စိုက်တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်များ လျှော့ချထား သဖြင့် အသီးထွက်နှုန်းမှာ ယခင်နှစ်များကထက် ၅၀ ရာခိုင်နှုန်းလျော့နည်းကြောင်း၊ ပြည်ပတင်ပို့ နိုင်မှုမရှိပါက ပြည်တွင်းဈေးကွက်ကိုသာ အားထားရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

တင်လင်းထက်