ပလင်းကမ်းကမ်းသာယာ ဆင်စခန်းမကြာမီဖွင့်လှစ်မည်ဖြစ်ကာ ပြန်လည်ဖွင့်လှစ်ချိန် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိ

ညောင်ဦး  မေ  ၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာအနီး၊ ဧရာဝတီ မြစ်ကမ်းဘေးတွင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ သစ်လုပ်ငန်းကဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်း မကြာမီပြန်လည်ဖွင့် လှစ်တော့မည်ဖြစ်ကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးဖွဲ့ထံကသိရသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်သည့် အနေဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၅ ရက်နေ့မှစတင်ကာ ခေတ္တယာယီပိတ်ထားခဲ့ရာ ပြန်လည်ဖွင့်လှစ်ရန် သက်ဆိုင်ရာက စီမံဆောင်ရွက်နေပြီဖြစ်ပြီး ပလင်းကမ်းသာ ယာဆင်စခန်းဝင်းအတွင်းတွင်လည်း ပိတ်ထားသည့်ကာလအတွင်း မြန်မာပြည် အရပ်ရပ်မှ ခရီးသွားဆင်ချစ်သူများ လာရောက်လည်ပတ်သည့်အချိန် ဧရာဝတီမြစ်ရှုခင်းကြည့်ရှုနိုင် ရန် ရှုခင်းကြည့်တံတားတည်ဆောက်ထားခြင်း၊ ဆင်စခန်းလာဆင်ချစ်သူများ စိတ်အေးချမ်းသာစွာ အနားယူနိုင်ရန် မြစ်ကမ်းဘေးတစ်လျှောက် ခြေတံရှည်နားနေတဲများ တည်ဆောက်ပေးထားပြီး အဆိုပါခြေတံခြေတဲများပေါ်မှ သန့်ရှင်းလတ်ဆတ်သည့် အစားအစာ၊ အအေးမျိုးစုံ မှာယူစားသုံးနိုင်ခြင်း၊ ဧရာတဝတီမြစ်နှင့် ရှုမျှော်ခင်းကြည့်တံတားအား ထပ်ဆင့် အပေါ်စီးမှ ထပ်ဆင့်ကြည့်ရှုနိုင်ရန် သစ်ပင်ကြီးများနှင့်ထန်းပင်များကိုအမှီပြုတည် ဆောက်ထားသည့် Tree House တည်ဆောက်ပေးထားခြင်း၊ ဆင်စခန်းလာကလေးငယ်များ စိတ်အေးချမ်းသာစွာ ကစားနိုင်ရန် ဆီးဆော၊ သစ်သားဒါန်း၊ ကလေးစီးရဟတ်တို့နှင့် ကလေးကစားကွင်း၊ ပန်းဥယျာဉ်တစ်ခု ဖန်တီးပေးထားခြင်း၊ ဆင်စခန်းလာ ပြည်တွင်းပြည် ပခရီးသွားဧည့်သည်များ ဆင်များရေချချိန် ကြည့်ရှုနိုင်ရန်ဖန်တီးပေးထားခြင်း၊ ဆင်စခန်းလာ ဆင်ချစ်သူများ ဆင်များအကြောင်း လေ့လာနိုင်ရန် နိုင်ငံတကာအဆင့်မီ ဆင်ပြတိုက် တည်ဆောက်ပေးထားကာ အာဖရိကဆင်၊ အာရှဆင်များ၏ မတူကွဲများသည့်စရိုက် လက္ခဏာများပြသထားခြင်း၊ ဆင်တစ်ကောင်လုံး၏ ဖွဲ့စည်းမှု ဆင်အရိုးစုတည်ဆောက် ပြသပေးထားခြင်း၊ မြန်မာနိုင်ငံရှိ စွယ်စုံဆင်များ၏ ဆင်စွယ်ထွက်ပုံများဖြစ်သည့် သပိတ် ပိုက်စွယ်စုံ၊ စွယ်တုတ်၊ စွယ်ကား၊ ဟန်၊ တယ် တို့ကိုပြသထားပြီး ဆင်များအမိန့်နာခံနိုင်စေရန် ဆင်ချော့တေးကိုလည်းပြသထားကြောင်း၊ ဆင်များအမိန့်နာခံတတ်စေရန် ဆင်များမိန်းသင်ချိန်သုံးသင့် စကားလုံးများကိုလည်း ဆင်ချစ်သူ၊ ဆင်များစိတ်ဝင်စားသူများ လေ့လာနိုင်ရန်ပြသထားကြောင်း၊ မြန်မာနိုင်ငံ ဆင်ဖြူတော်များ အကြောင်း၊ ဆင်အမွှာလေးများအကြောင်းကိုလည်း ပလင်းကမ်းသယာဆင်စခန်းပြတိုက်တွင် လေ့လာနိုင်ရန် စီစဉ်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆင်စခန်းဝင်ကြေးအဖြစ် ပြည်တွင်း တစ်ထောင်ကျပ်၊ ပြည်ပဧည့်သည် ငါးထောင်ကျပ်၊ ဆင်စီးခ ပြည်တွင်း ငါးထောင်ကျပ်နှင့် ပြည်ပဧည့်သည် တစ်သောင်းကျပ်သတ်မှတ်ထားပြီး သတ်မှတ် ဆင်စီးချိန်များတွင်စီးနိုင်ကြောင်း၊ ကလေးသူငယ်များနှင့် ရဟန်း/သံဃာ၊ သီလရှင်များအား ဆင်စခန်းဝင်ကြေး အခမဲ့ပေးထားကြောင်းလည်း ပလင်းကမ်းသာယာ ဆင်စခန်းတာဝန်ခံ (လက်ထောက်မန်နေဂျာ) ဦးမျိုးမင်းကို ကရှင်းပြသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ဆင်စခန်း ၂၂ ခု ဖွင့်လှစ်ထားရှိထားပြီး ဆင်ချစ်သူများအနေဖြင့် ဆင်စာဘူဖေးကျွေးနိုင်ကြကြောင်း၊ မိမိတို့သဒ္ဒါစိတ်အပေါ်မူတည်ကာ မိမိကြိုက်သလောက် လှူဒါန်းကျွေးနိုင်ကြပြီး ဖွင့်လှစ်ထားသည့် ဆင်စခန်း Page များမှတဆင့် ဆင်စခန်းတာဝန်ခံဖုံးများသို့ ဆက်သွယ်လှူဒါန်းကျွေးနိုင်ကြောင်းလည်းသိရသည်။ ပလင်း ကမ်းသာယာဆင်စခန်းတွင် ဆင်ခုနှစ်ကောင်ရှိပြီး တစ်နှစ်သား ဆင်ပေါက်လေးမှ ၂၇ နှစ် ရှိ အရွယ်ရောက်ဆင်များရှိကြောင်း၊ ဆင်အခြေပြုခရီးသွားလုပ်ငန်းများ ဖော်ဆောင်လာခဲ့ ရာ မြို့ပြနှင့်နီးသည့်ဆင်အခြေပြု ဆင်စခန်းများရှိသလို၊ တောတောင်၊ မြစ်ချောင်းများကို အမီပြု တည်ထောင်ဖွင့်လှစ်ထားသည့် ဆင်စခန်းများလည်း ဖွင့်လှစ်ထားကြောင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူခရီးသွားပြည်သူများ မိမိတို့ကြိုက်နှစ်သက်သည့်ဆင်စခန်းများသို့ သွားရောက် လေ့လာနိုင်ပြီး ဆင်များ၏ သဘောသဘာဝ၊ တောတွင်နေထိုင်ကျက်စားမှုများ လေ့လာနိုင်ကြောင်းလည်း သိရကာ ပလင်းကမ်းသာယာဆင်စခန်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှသတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီကြိုတင် စီစဉ်ဆောင်ရွက်ထားရှိထားကာ မကြာမီပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်းသိရသည်။

ကိုထိန်(KPD)