ကျောက်ဖြူမြို့နယ်တွင် စီးပွားဖြစ်မွေးမြူလျက်ရှိသည့် ကဏန်းပျော့လုပ်ငန်းမှာ အထူးအောင်မြင်ပြီး  ပြည်ပဈေးကွက်ထိတင်ပို့ရောင်းချ

ကျောက်ဖြူ   မေ  ၂  

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကွင်းအမှတ် ၄၆၈၊ သပြုတောင်ပေါ်ကွင်းတွင် ရေလှောင် ကန်များဖြင့် မွေးမြူထားရှိသည့် ကဏန်းပျော့မွေးမြူရေးလုပ်ငန်းမှာ အထူးအောင်မြင်ပြီး ယခုအခါ ၎င်းပင်လယ်စာ ရေထွက်ကုန်ကဏန်းပျော့ကို ပြည်ပဈေးကွက်အတွင်းသို့ ဖြန့်ဖြူးတင်ပို့ရောင်းချနေ ပြီဖြစ်ကြောင်း မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။

“ကျွန်နော်တို့က ဒီကဏန်းပျော့မွေးမြူရေးလုပ်ငန်းကို ၂၀၁၉၊ မတ်လက စပြီးတော့လုပ် ဖြစ်တာပေါ့၊ စမွေးမွေးချင်းမှာ  အကောင်ရေနှစ်သိန်းခွဲလောက်နဲ့ စမွေးပါတယ်ခင်ဗျ၊ အစာအတွက်ကတော့  ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းသင်္ဘောတွေကရတဲ့ငါးတွေနဲ့ ဒေသထွက်ငါး တွေကို ဝယ်ယူပြီးကျွေးရပါတယ်၊ မွေးမြူတဲ့ပုံစံကတော့ ဒီကကုန်ကြမ်းတွေကို ဝယ်ယူတယ်၊ ပြီးတော့ ကဏန်းအသေတွေနဲ့ အနာတွေထုတ်လိုက်တယ်၊ စိတ်ကြိုက်မွေးနိုင်တဲ့ဆိုဒ်ရပြီဆိုလို့ရှိရင် လူတွေနဲ့ကန်ကိုသယ်ပြီးတော့မှ မွေးတဲ့ခွက်တွေထဲမှာထည့်ပြီးမွေးရပါတယ်ခင်ဗျ၊ အစာကို ၆ နာရီ ခြားတစ်ကြိမ် ဖောင်ဆွဲပြီးတော့ အစာကျွေးတယ်၊ အဲ့မှာတစ်ခါတည်း အပျော့လဲတဲ့အကောင်တွေ ကိုယူပြီး ဒီကအအေးခန်းစက်ရုံကိုပို့တယ်၊  စက်ရုံမှာ ထုတ်လုပ်မှုအဆင့်ဆင့်နဲ့ စနစ်တကျ ထုတ်ပိုးပြီးတော့မှ  ကားတွေနဲ့ ရန်ကုန်ကိုသယ်တယ်၊ အဲ့ကမှတစ်ဆင့် ကွန်တင်နာတွေနဲ့ အာရှနိုင်ငံတွေကို ပို့ပါတယ်ခင်ဗျ၊ အခက်အခဲအနေနဲ့ အရင်တုန်းကတော့သိပ်မရှိခဲ့ဘူး၊ ကိုဗစ်စဖြစ်ပြီးတဲ့နောက်ပိုင်း ငွေရေးကြေးရေး အခက်အခဲရှိလာတယ်၊ ပြီးရင် ဘဏ်တွေက ဂျမ်းဖြစ်တဲ့အတွက် ကျွန်တော်တို့ငွေထုတ်မရတာတွေ၊ ဒီကုန်ကြမ်းဝယ်ရတဲ့ အခါမှာ အကြွေးထားရတာတွေရှိပါတယ်” ဟု ကဏန်းပျော့မွေးမြူရေးလုပ်ငန်းရှင် ငွေငါးကျွန်းကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးအောင်နိုင်လင်း ကပြောကြားသည်။

ကျောက်ဖြူခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဆင့်ကလည်း ကဏန်းပျော့ ထုတ်လုပ်သောလုပ်ငန်းသည် ဒေသခံများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိကြောင်း၊ ယခု မွေးမြူရေးလုပ်ငန်းတွင် လက်ရှိလုပ်သား ၁၁၀ ဦးခန့်အား တစ်ဦးလျင်စားရိတ်ငြိမ်း အနဲဆုံးလစာ တစ် သိန်းခွဲမှ အမြင့်ဆုံးလစာ ငါးသိန်းအထိပေးထားသည်ဟု သိရကြောင်း၊ ၎င်းလုပ်ငန်းတွင် ကဏန်းပျော့ တစ်ခုတည်းကို အဓိကထားထုတ်လုပ်နေသည့်အတွက် ရေရှည်တွင် ကဏန်းမျိုးထိန်းသိမ်းရေးကို စိုးရိမ်ရသဖြင့် ရာသီချိန်တစ်ခုတွင် ကဏန်းကောင်ရေတစ်ခုကို သတ်မှတ်ပြီး ပင်လယ်ထဲသို့ ဘေးမဲ့ပြန်လွှတ်ပေးရန် ကြီးကြပ်သွားမည်ဖြစ်ကြောင်း  ပြောသည်။

ထိုသို့ မွေးမြူထားသည့် ကဏန်းပျော့များကို ကျောက်ဖြူခရိုင်အတွင်းရှိမြို့နယ်များအပြင် အာရှနိုင်ငံများဖြစ်သည့် ဂျပန်၊ ကိုးရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ဗီယက်နမ် စသော အရှေ့တောင် အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများသို့ပါ တင်ပို့ ဖြန့်ဖြူးရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)