ပျဉ်းမနားမြို့နယ်တွင် Change Over အပူချိန်လွန်ကဲရာမှ တစ်ဆင့် သင်္ကန်းအရောင်းဆိုင်တစ်ခု မီးလောင်

ပျဉ်းမနား မေ ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်(၂)ရပ်ကွက်၊ ရာဇဌာနီလမ်းဘေးရှိ အိမ်အမှတ်(၁၅/၆၄၃) ဦးဟိန်းဇော်လတ် ပါရမီရှင်သင်္ကန်းတိုက်တွင် ယနေ့ နံနက် ၈ နာရီ၊ (၁၀)မိနစ်ခန့်က Change Over အပူချိန်လွန်ကဲ၍ မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မီးအားမြှင့်စက်သို့ လွှဲပြောင်းပေးသည့် Change Over အပူချိန်လွန်ကဲပြီး အနီးရှိ သင်္ကန်းခြင်း များအား မီးကူးဆက်လောင်ကျွမ်းရာ ပျဉ်းမနားမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးအောင်သူရကျော် နှင့် သန္ဓေတပ်ဖွဲ့ဝင်(၉၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦးနှင့် တာဝန်ရှိသူများက မီးငြိမ်းသတ်ယာဉ် (၅)စီး၊ ရေသယ်ယာဉ်(၂)စီး၊ အကူယာဉ်(၈)စီး၊ အုပ်ချုပ်မှုယာဉ်(၂)စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက်(၈)နာရီ၊ ၁၉ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါအမီးလောင်မှုကြောင့် အလျား(၃၀)ပေ၊ အနံ(၃၀)ပေ ပတ်လည် အုပ်ညှပ်၊ သွပ်မိုး၊ ပျဉ်းခင်း နှစ်ထပ်သင်္ကန်းတိုက်တစ်လုံး မီးလောင်ဆုံးရှုံးပြီး၊ လူနှင့်တိရစ္ဆာန်ထိခိုက်ဆုံးရှုံးမှု မရှိကြောင်းနှင့် မီးလောင်မှုကြောင့် ဦးဟိန်းဇော်လတ်အား ပျဉ်းမနားမြို့နယ်၊ ရွာကောက်နယ်မြေရဲစခန်းက အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

စိုးမိုးအောင်