မန္တလေး မေ ၁
မန္တလေး ဗဟိုအမျိုးသမီးဆေးရုံကြီးကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ပြင်ပလူနာများ အပါအဝင် အတွင်းလူနာ များကို ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
"ဆေးရုံကို ပထမဆုံး ပြန်ဖွင့်တဲ့အချိန်တုန်းက ပြင်ပလူနာကြည့်ရှုတာကိုဘဲ လက်ခံနိုင်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ မွေးခန်းမှာ မွေးနိုင်ဖို့ ပိုးသန့်စင်ပြီး သမရိုးကျ မွေးဖွားမှုကို ဆောင်ရွက်ပေးပါတယ်။ အဲဒါပြီးတော့ နောက်တစ်ဆင့် တက်ပြီး ခွဲစိတ်ခန်းတွေကို ပိုးသတ်ပြီး ခွဲစိတ်ခန်းတွေ ဖွင့်နိုင်အောင် လုပ်ပါတယ်။ ဧပြီလ ဒုတိယပတ်မှာ ပြင်ပလူနာ လည်း ကြည့်ရှုပေးနိုင်သလို အတွင်းလူနာလည်း ရှိနေပါပြီ။ ဆေးရုံမှာ ရိုးရိုးလည်း မွေးဖွားနိုင်သလို ခွဲစိတ်ခန်းတွေမှာ အရေးပေါ်လူနာတွေကို မွေးဖွားနိုင်အောင် ဆောင်ရွက်ပေးပြီးဖြစ်ပါတယ်။ အခုဆိုရင် လာရောက်ပြသတဲ့ လူနာတွေ လည်း များလာပြီဆိုတော့ မေလ ၁ ရက်နေ့က စပြီးတော့ သက်ဆိုင်ရာ ဗဟိုအမျိုးသမီးဆေးရုံကြီးရဲ့ ပြင်ပလူနာဌာနမှာ လူနာတွေကို ကြည့်ပေးမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ကလေးတွေ မွေးမွေးခြင်းမှာ အသည်းရောင် အသားဝါ B ပိုး ကာကွယ်ဆေးထိုးပေးရပါတယ်။ လက်တလောမှာ ကလေးလေးတွေ အဆင်ပြေအောင် Hospital Based EPI လို့ ခေါ်တဲ့ ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးဌာနကို ဖွင့်လှစ် ပြီး ကလေးတွေကို ကာကွယ်ဆေးထိုးရန် စီစဉ်ပေးသွားမှာ ဖြစ်ပါတယ် " ဟု မန္တလေး ဗဟိုအမျိုးသမီး ဆေးရုံအုပ်ကြီးက ပြောသည်။
မန္တလေး ဗဟိုအမျိုးသမီးဆေးရုံကြီးကို မတ်လ ၂၄ ရက်နေ့က စတင်၍ လက်ရှိဝန်ထမ်းအင်အားအရ မနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ ပြန်လည်ဖွင့်လှစ်ထားပြီး ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု၊ မီးယပ် ရောဂါများ စသည့် အမျိုးသမီး ရောဂါများကို ကုသပေးလျက်ရှိကြောင်း၊ ယင်းဆေးရုံတွင် မွေးလူနာများ အတွက် သွေးလိုအပ်မှုများရှိပြီး သွေးလှူဒါန်း လိုပါက ဓမ္မပါလအသင်း၊ မြတ်ပါရမီအသင်း၊ အလင်း စေတမန်အသင်း စသော လူမှုရေးအသင်းအဖွဲ့များမှ တဆင့်ဖြစ်စေ၊ ဗဟိုအမျိုးသမီးဆေးရုံကြီး သွေးဘဏ် ဖုန်းနံပါတ် ၀၉ - ၇၉၆၇၈၅၄၂၄ ကို ဆက်သွယ်၍ လှူဒါန်းနိုင်ကြောင်း သိရသည်။
တင်လင်းထက်