ကျောက်ပန်းတောင်း မေ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် သင်္ကြန်ကာလအပြီး တောင်သူများ စောင့်မျှော်နေကြ ဖြစ်သော မိုးဦးမိုး မှန်ကန်စွာ ရွာသွန်းသဖြင့် ဧပြီ(၃၀)ရက်နေ့မှ စတင်ကာ အညာတောင်သူများ လယ်ယာလုပ်ငန်း ခွင်ဝင်ရောက် လျက်ရှိနေကြပြီဖြစ်ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် သင်္ကြန်အကြိုနေ့၊ သင်္ကြန်အကြတ်နေ့နှင့် မြန်မာနှစ်ဆန်း(၁)ရက်နေ့တို့တွင် သည်းသည်းမည်းမည်း မဟုတ်သော်လည်း အပူသက်သာရုံမျှ မိုးရွာသွန်းမှုရှိခဲ့ပြီး၊ ဧပြီလ(၂၈)ရက်နေ့ ညနေပိုင်း တွင် မိုးသင့်တင့်ရုံ ရွာသွန်း၍ ဧပြီလ (၂၉)ရက်နေ့ ညနေပိုင်းတွင် လေနှင့်မိုးပါသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် စိုက်ပျိုးရေးအတွက် မိုးမျှော်နေကြသည့် တောင်သူများအတွက် လုပ်ငန်းခွင်ဝင်ရန် အခွင့်အခါကောင်းဖြစ်ခဲ့ကြောင်း သိရသည်။ “ မိုးက ညီတော့မညီ လောက်ဘူးဗျ… ကျွန်တော်တို့ ကျောက်ပန်းတောင်းမြို့ အနောက်ဘက်ရွာတွေမှာ မိုးက မွန်းလွဲ(၁)နာရီလောက်ကတည်းက တစက်မြိတ်ကျရုံလောက် ရွာရာကနေ…(၂)နာရီခွဲလောက်ကနေ မိုးသီး မိုးပေါက်တွေရော လေရောကြမ်းပြီးရွာလိုက်တာ(၁) နာရီလောက်ကြာတယ်ဗျ…ကျွန်တော်ဆို မနေ့က(၂၈ရက်နေ့ ညနေ)ရွာတဲ့မိုးနဲ့ မနက်ပိုင်း နှမ်းဖြူ(၁)ခင်းကြဲထားတာ ညနေရွာတဲ့ မိုးကကြမ်းတော့ သောင်ထွန်းပြီး အကုန်လုံး ရေပါကုန်တာဘဲဗျာ…အဲ့ဒါ ဒီနေ့ပြန်ကြဲရတယ်…။ ကျောက်ပန်းတောင်း တောင်ဘက်ရွာတွေလည်း မိုးသီးကျပြီး ကြဲဖြစ်အောင်တော့ ရွာတယ်ပြောတာဘဲ ဒီနှစ်တော့ မိုးဦးလေဦး မှန်တဲ့သဘောပေါ့ဗျာ. ..မိုးကြာကြာ မမျှော်လိုက် ရတာပေါ့…” ဟု အရှေ့အင်တိုင်းကျေးရွာမှ တောင်သူ ဦးဇော်ဝင်းက ပြောပါသည်။ တောင်သူများ လုပ်ငန်းခွင် စောစီးစွာ ဝင်ရောက်ခွင့်ရရန် မိုးမှန်လေမှန်ခဲ့သော်လည်း ပဲနှင့်နှမ်းမျိုးကို မျိုးချန်ထားနိုင်သော တောင်သူများမှာ ဈေးကြီးပေးဝယ်ယူ၍ ကြဲပက်နေရကြောင်း သိရပြီး၊ နှမ်းအဖြူ(၁)တင်းမှာ (၄၇၀၀၀)ကျပ်မှ(၅)သောင်းကျပ်အထိ ပေးရပြီး၊ နှမ်အနက်(၁)မှာ (၆)သောင်းကျပ်မှ (၆၅၀၀၀)ကျပ်အထိ ပေးရကြောင်း သိရသည်။ မျိုးမြေပဲအနေဖြင့် ပင်ထောင်ပဲဆန်(၁) တင်းလျှင်(၅၅၀၀၀)ကျပ်မှ (၆)သောင်းကျပ်အထိ ပေး၍ ဝယ်ယူစိုက်ပျိုးကြရကြောင်းနှင့် ထွန်ယက်ခ အနေဖြင့် နွားတစ်ယှဉ်း ငှားရမ်းခ တစ်မနက်လျှင်(၁၅၀၀၀)ကျပ်ပေးရပြီး၊ (၁၆)သွား လယ်ထွန်စက် ငှားရမ်းခမှာ တစ်နာရီ(၂)သောင်းကျပ်ပေးချေကြရကြောင်း သိရသည်။
နွားရှဉ်းနှင့်ထွန်စက် ငှားရမ်းခများ ဈေးကြီးပေးရပြီး၊ မျိုးမြေပဲဆန်ဈေးနှင့် နှမ်းမျိုးဈေးများ ဈေးကြီးပေးဝယ်ယူကြ ရသော်လည်း မိုးဦးလေဦး/ မိုးမှန်လေမှန် စိုက်ပျိုးချိန်ဖြစ်သဖြင့်၊ အညာတောင်သူများအနေဖြင့် ရရှိနေသည့် အခွင့်ကောင်းကို လက်လွှတ်မခံနိုင်ဘဲ၊ မိမိတို့ ရှိသမျှ ချွေးနဲစာဖြင့် လုပ်ငန်းခွင် ဝင်ရောက်လျက်ရှိ နေကြပြီဖြစ် ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)