မင်းပြားမြို့နယ်ရှိ ဝက်ဖြူကျွန်းရေလည်ဘုရားစေတီတော်မြတ်အား ရွှေထီးတော်တင်လှူပူဇော်ပွဲ ကျင်းပ

မင်းပြား   ဧပြီ  ၃၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် သေကန်ကျေးရွာအနီး ဝက်ဖြူကျွန်း     ရေလည် စေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်ပူဇော်ပွဲအလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါဘုရားစေတီရင်ပြင်တော်ပေါ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဝက်ဖြူကျွန်းရေလည်စေတီတော်မြတ်မှာ မင်းပြားမြို့နယ် လေးမြို့မြစ် (ရာမောင်မြစ်) ပန်းမြောင်းကြီးချောင်းနှင့်လေးမြို့ချောင်းတို့ဆုံရာ ရာမောင်မြစ်၏ အလယ်တည့်တည့်တွင် တည် ရှိပြီး ရာမောင်တံတားနှင့်အနီးကပ်ဆုံး ဘုရားတစ်ဆူဖြစ်သည့်အပြင် ရခိုင်ပြည်နယ်တွင်လည်း ရှေးဟောင်းသမိုင်းဝင် ရေလည်ဘုရားတစ်ဆူဖြစ်ကြောင်း ဝက်ဖြူကျွန်းစေတီဘုရား ဂေါပကအဖွဲ့ ထံမှသိရသည်။

ဝက်ဖြူကျွန်းရေလည်စေတီတော်အတွက် ရွှေထီးတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ သုံခွ မြို့နယ် အမှတ်(၁)ရပ်ကွက် မဂ္ဂင်လမ်းနေ ဦးထွန်းစိုးဝေ၊ဇနီးဒေါ်တင်မိုးသူနှင့် သားမောင်ကျော်ဇင်ထက် မိသားစုတို့မှလှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါ ရွှေထီးတော်ပွဲဇော်ပွဲအခမ်းအနားသို့ မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ကျော်သန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်မိသား စုမှဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ သေကန်ကျေးရွာနှင့် အမ်းသားကျေးရွာမှ ဒေသခံပြည်သူများ တက်ရောက်ကြပြီးနောက် ရွှေထီးတော်တင်လှူပူဇော်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အလှူရှင်မိသားစုဝင်များက ရွှေထီးတော် ဘုံအဆင့်ဆင့်၊ ငှက်မြတ်နားတော်နှင့်စိန်ဖူးတော်တို့အား ဝက်ဖြူကျွန်း ရေလည်စေတီတော်မြတ်ပေါ်သို့ တင်လှူပူဇော်ခဲ့ပြီး ရတနာရွှေမိုး၊ ငွေမိုးများသွန်းဖြိုးရွားသွန်းခဲ့ကြောင်း သိရှိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)