လောက်ကိုင်၌ ထိန်းချုပ်ဓာတုပစ္စည်းများ မြေမြှုပ်ဖျက်ဆီးခြင်းအခမ်းအနားပြုလုပ်

လောက်ကိုင် ဧပြီ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ ထင်ပါကျိုင်း ကျေးရွာအုပ်စု အမှိုက်ကန်နေရာတွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က  ထိန်းချုပ်ဓာတုပစ္စည်းများ မြေမြှုပ်ဖျက်ဆီးခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကွပ်ကဲမှုအဖွဲ့ လောက်ကိုင်မြို့ နယ်ရဲတပ်ဖွဲ့မှ ၂၀၁၉ ခုနှစ်အတွင်း ဖမ်းဆီးရမိ၍ အမှုပြီးပြတ်ခဲ့သော ထိန်းချုပ်ဓာတုပစ္စည်းများ ဖြစ်သည့် အက်စီတုန်းဟု ယူဆရသည့်အဝါရောင်အရည်(၅၄.၉၈)လီတာ ကာလတန်ဖိုး (၃၂၉၈၈၀၀/)ကျပ်အား အလျား ၁၅ပေ အနံ၁၅ပေ အနက်၁၅ပေ ရှိသော မြေကျင်းအတွင်းသို့ မြေမြှုပ်ဖျက်ဆီးခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်ဇော်နိုင်၊ လောက်ကိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ငြိမ်းချမ်းအေး၊ သတင်းရဲတပ်စုမှ ဒုတိယရဲမှူးအောင်ကျော်ဦး၊ မှူးယစ်ရဲတပ်ဖွဲ့စု(၂၁)မှ ဒုရဲမှူးမျိုးမြင့်၊ မှုခင်းရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူး မြင့်စိုး၊ နယ်မြေခံစခန်းမှူးများ၊ ဌာနဆိုင်ရာအရာရှိများနှင့် ဖိတ်ကြားထားသည့်ဧည့်သည် အင်အား(၃၀)ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားအား နံနက်(၁၀)နာရီ (၃၀) မိနစ်အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။ 

 

‌ဒေါ်နန်းခွာညိုနှင်း (ပြန်/ဆက်)