တရုတ်နိုင်ငံမှ လွှဲပြောင်းလာသည့်မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၆၆)ဉီးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်လွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်      မတ်  ၃၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၆၆)ဉီးအား  ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ၎င်းတို့၏သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ယနေ့နံနက်(၁၁)နာရီအချိန်က လားရှိုးမြို့သို့ ဆက်လက်လွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၆၆)ဉီးမှာ အမျိုးသား(၅၇)ဉီး၊ အမျိုးသမီး(၉)ဉီးတို့ဖြစ်ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှ(၂၆)ဉီး၊ ခမ်းပတ်မြို့နယ်မှ(၂)ဉီး၊ တမူးမြို့နယ်မှ(၂)ဉီး၊ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်မှ (၁၂)ဉီး၊ ဂန့်ဂေါမြို့နယ်မှ(၁၁)ဉီး၊ ပေါက်မြို့နယ်မှ(၁)ဉီး၊ တောင်တွင်းကြီးမြို့နယ်မှ(၁)ဉီး၊ မြို့သစ်မြို့နယ်မှ(၁)ဉီး၊ ဆိပ်ဖြူမြို့နယ် မှ(၁)ဉီး၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မှ(၁)ဉီး၊ ချင်းပြည်နယ်၊ ဖလန်းမြို့နယ်မှ(၅)ဉီး၊ တီးတိန်မြို့နယ်မှ(၁)ဉီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ နယ်မှ(၁)ဉီးနှင့် ဟိုပန်မြို့နယ်မှ(၁)ဉီးတို့ဖြစ်သည်။

၎င်းနေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့တော်ခန်းမ၊ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် Quarantine(၇)ရက် ထားရှိပြီး ချင်းရွှေဟော်မြို့နယ်မြေခံ ဆေးတပ်ဖွဲ့မှ ဆေးမှူးဆရာဝန်နှင့်အဖွဲ့က Rapid Test Kit စနစ်ဖြင့်(၂)ကြိမ်စစ်ဆေးပေးခဲ့ရာ နေရပ်ပြန်ပြည်သူအားလုံးတွင် ကိုဗစ်-၁၉ရောဂါပိုး မတွေ့ရှိရကြောင်း သိရ၍ ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာဒေသများသို့ ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

 ဇင်ဇင်(ပြန်/ဆက်)