ကျောက်ဆည် ဧပြီ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများ ဝင်ငွေတိုးတက်စေရေးနှင့် တောင်သူများ သီးနှံ စိုက်ပျိုးရာတွင် အထောက်အကူပြုစေရေးအတွက် သီးနှံစိုက်ပျိုးမှုပုံစံများ ပြောင်းလဲစိုက်ပျိုးရေး နည်းလမ်းဖြစ်သည့် ခေတ်မီစက်မှုလယ်ယာစနစ် အသုံးပြုပြီး အကွက်ကျယ် ပြောင်းလဲ စိုက်ပျိုးရေးအဖြစ် ပြောင်းလဲကာ စံပြကွက်များနှင့် စမ်းသပ်ကွက်များ၊ ရေချွေတာသုံး စိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးရာတွင် စိုက်ပျိုးသီးနှံများ အောင်မြင်မှုများ ရရှိစေရေးအတွက် စိုက်ပျိုးရေး ဦးစီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး နွေးနှမ်း၊ မိုးစပါးနှင့် ဆောင်းမြေပဲ၊ ကြက်သွန်နှင့် ကုလားပဲသီးနှံများ စတင်စိုက်ပျိုးလျက်ရှိရာ နွေးနှမ်းအဖြစ် စပါယ်တော ကျေးရွာအုပ်စုမှ စပါယ်တော ကျေးရွာနှင့် မြင်းချီနိုင်ကျေးရွာတို့မှ တောင်သူ(၆)ဦး၏ လယ်ဧက(၂၅)ဧက၊ ခါးတက္ကုန်းကျေးရွာမှ တောင်သူ(၁)ဦး၏ လယ်ဧက(၁၀)ဧက၊ ပင်တလည်ကျေးရွာမှ တောင်သူ(၅)ဦး၏ လယ်ဧက (၁၀)ဧကတွင် စတင်စိုက်ပျိုးထားရာ နွေနှမ်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။
တောင်သူများအနေဖြင့် ခေတ်မီစက်မှုလယ်ယာစနစ် အသုံးပြုကာ စိုက်ပျိုးခြင်းဖြင့် သီးနှံများ အချိန်နှင့်တစ်ပြေးညီ အချိန်တိုအတွင်း စိုက်ပျိုးနိုင်ခြင်း၊ လုပ်သားရှားပါးမှု ပြသနာများ ဖြေရှင်းနိုင်ခြင်း၊ စိုက်ပျိုးနည်းစနစ် မှန်ကန်သဖြင့် သီးနှံများ အရည်အသွေးနှင့် အထွက်တိုးပိုမိုကောင်းမွန်ခြင်း၊ အပင်များပြုစုသည့်အခါ လွယ်ကူခြင်းတို့အပြင် လုပ်သား ရှားပါးမှုကြောင့် ရိတ်သိမ်းလွန် သီးနှံဆုံးရှုံးမှုများ မရှိခြင်းကြောင့် တောင်သူများ အနေဖြင့် ဝင်ငွေတိုးပွားလာကာ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)