နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ နေပြည်တော်အတွင်းရှိ တက္ကသိုလ်များနှင့် အသက်မွေးသိပ္ပံကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

 

နေပြည်တော်၊ ဧပြီ  ၂၉

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ် ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း နှင့် ဦးမြင့်စိုး တို့သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ပျဉ်းမနားမြို့နယ် အတွင်းရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း (နေပြည်တော်)၊ အစိုးရနည်းပညာ အထက်တန်းကျောင်းတို့ကို ပြန်လည်ဖွင့်လှစ် သင်ကြားနိုင်ရေးအတွက် ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါကြည့်ရှုစစ်ဆေးရာတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ နန်းဆိုင်ဟွမ်း က လည်းကောင်း၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမာမာဝင်း ကလည်း ကောင်း၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ရိုစီနေဝင်း တို့ကလည်းကောင်း၊ ပျဉ်းမနားမြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမာသန်း ကလည်းကောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(နေပြည်တော်) ကျောင်းအုပ် ဆရာကြီး ဒေါက်တာ မင်းမင်းထွန်း က လည်းကောင်း၊ အစိုးရနည်းပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးညိုချော တို့ကကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင်သင်ကြားရေး၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ နေထိုင်စားသောက်ရေးတို့နှင့် ကျောင်းများဖွင့်လှစ်နိုင်ရန် ကြိုတင်စီမံထားရှိမှုများကို  သက်ဆိုင်ရာ တက္ကသိုလ်များနှင့် ကျောင်းများတွင် ရှင်းလင်းတင်ပြကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က တင်ပြချက်များနှင့်ပတ်သက်၍ ကျောင်းသား /ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးကို စီစဉ်ဆောင်ရွက်ဖို့လို ကြောင်း၊ COVID-19 ကာကွယ်ဆေးမထိုးနှံရသေးသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ များကို စာရင်းတိကျစွာကောက်ယူပြီး COVID-19 ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအား ထူးချွန်ထက်မြက်ပြီးတတ်မြောက်ကျွမ်းကျင်သည့်  ပညာရှင်များဖြစ်ရေးအတွက် ပြုစုပျိုးထောင်သင်ကြား ပေးစေလို ကြောင်း မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာတက္ကသိုလ်/ကျောင်း အသီးသီးရှိ  စာသင်ဆောင်များ၊ ဓါတ်ခွဲခန်း၊ အိပ်ဆောင်များ ၊ စာကြည့်တိုက်များ နှင့် လက်တွေ့ သင်ကြားမည့် သင်တန်းခန်းမများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ ကြောင်းသိရသည်။

 

(ခရိုင်ပြန်/ဆက်)