ဟိုပန်မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

 

ဟိုပန် ဧပြီ ၂၉

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်ရန်အတွက် ယမန်နေ့နံနက်(၇)နာရီအချိန်က “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း  စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးညီနပ်မှဦးစီး၍ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးညီနပ်နှင့်အဖွဲ့သည် ဟိုပန်မြို့နယ် ဖတ်ဟာကျေးရွာ၊ ဆင်ကျိုင်းကျေးရွာ၊ ဟာဖြတ်ကျေးရွာနှင့် နာဇရက်ကျေးရွာများ တွင် ကျေးလက်လမ်းဦးစီးဌာနနှင့် နတလရံပုံငွေတို့ဖြင့်ဆောင်ရွက်နေသည့် ဘုန်းတော်ကြီးကျောင်း၊ ကျေးရွာခြင်းဆက်လမ်းနှင့် တံတားများတည်ဆောက်နေမှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အရေအသွေး စံချိန် စံညွှန်းပြည့်မီရေးနှင့် လိုအပ်ချက်များကို ဖြည့်စွက်ဆောင် ရွက်သွားရန်၊ သက်ဆိုင်ရာဌာနများမှလည်း ဆောက်လုပ်ရေးကုမ္ပဏီများ လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေကို ကြီးကြပ်သွားရန်မှာကြားခဲ့သည်။

ထို့နောက် နံနက်(၁၀)နာရီအချိန်တွင် ပန်လုံလမ်းအမကစာသင်ကျောင်း ရေရရှိရေး ဆောင်ရွက်ခဲ့ပြီး ပန်လုံလမ်းရပ်ကွက်အတွင်း ခင်းရန်ကျန်ရှိသည့်လမ်းများနှင့် ဆောင်ရွက်မှု အခြေအနေများကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာစည်ပင်သာယာရေးဌာနမှ ရှေ့ဆက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။ “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများမှ ၂၇-၄-၂၀၂၁ ရက်နေ့၌လည်း ပန်လုံမြို့သို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကိုကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

  ခရိုင်(ပြန်/ဆက်)