ဟိုပန် ဧပြီ ၂၇
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်သည် အဖွဲ့ဝင်များဖြစ်ကြသော ဒုတိယဗိုလ်မှူးကြီး အောင်ကျော်စိုး၊ ဒုတိယရဲမှူးကြီး စိုးပိုင်၊ ဦးဘုန်းမော်မိုး (ဒုတိယညွှန်ကြားရေးမှူး)၊ ဦးကျင်ဝမ်းနှင့် ဦးစန်းလှိုင် (အတွင်းရေးမှူး)တို့ လိုက်ပါလျက် ယမန်နေ့နံနက် (၈)နာရီခွဲအချိန်က ဟိုပန်မြို့၊ ဖာလင်ကျေးရွာအုပ်စုရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ရန် လျာထားသည့် အမကမူလွန်ကျောင်း ဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးသည်။
နံနက် ၁၀ နာရီတွင် ပန်လုံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင် ပန်လုံမြို့ရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဆောင်ရွက်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ နိုင်ငံတော်အာဏာ ခေတ္တထိန်းသိမ်းရသည့် အကြောင်းရင်းတို့ကို ထပ်ဆင့်ရှင်းလင်းပြောကြားပြီး ပန်လုံမြို့တွင် လျှပ်စစ်မီးရရှိရေးနှင့် ရေရရှိရေးအတွက် ဆောင်ရွက်ပေးမည့် အစီအစဉ်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အထက(ပန်လုံ)မှ ဆရာ/ဆရာမ လိုအပ်ချက်၊ ပန်လုံမြို့စည်ပင်သာယာရေးဌာနမှ အမှိုက်သိမ်းယာဉ်နှင့် အမှိုက်ပုံးလိုအပ်ချက်ကို လည်းကောင်း၊ ပန်လုံရဲစခန်းမှူးမှ သေမှုသေခင်း ဖြစ်ရပ်များတွင် ကျန်းမာရေးဌာနမှ ဆရာဝန်မရှိသည့်အတွက် အခက်အခဲကြုံတွေ့ရမှု အခြေအနေကို လည်းကောင်း၊ ရပ်မိရပ်ဖ ဦးကျောက်ဝူက ရပ်ကွက်(၃)ရှိ ရေမြောင်းဆယ်ယူပေးရေး တို့ကိုတင်ပြကြရာ ဥက္ကဋ္ဌ ဦးညီနပ် က ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ပန်လုံမြို့ရှိ ကျယ်ပန်ကျိုင်းကျေးရွာ၊ ရွှေကျင်ထုကျေးရွာ၊ စီပါကျိုင်းကျေးရွာ၊ အားဟိုပါးကျေးရွာတို့တွင် စာသင်ကျောင်းလိုအပ်ချက်၊ လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဦးစီးဌာနတို့မှ ဆောင်ရွက်ထားရှိသောလမ်းများ၊ တံတားများဆောက်လုပ်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှု့စစ်ဆေးပြီး လိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)