တံတားဦး ဧပြီ ၂၈
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အင်းဝမြို့ဟောင်း ဟံသာဝတီကျေးရွာအုပ်စု ရပ်တန်းရပ်တွင် ယွန်းထည်ပစ္စည်း အမျိုးမျိုး ရက်လုပ်လျက်ရှိကြောင်း သိရသည်။
ယွန်းထည်ပစ္စည်းများဖြစ်သော ယွန်းဆွမ်းအုပ်၊ ယွန်းကွမ်းအစ်၊ ယွန်းသပိတ်နှင့် နှီးဘုရားပုံတော် အစရှိသော ယွန်းထည် ပစ္စည်းများကို ရာသီမရွေးရက်လုပ်ကြသည်။ ယွန်းဆွမ်းအုပ်၊ ကွမ်းအစ်၊ သပိတ်နှင့် အသုံးအဆောင် ပစ္စည်းများကို အမြဲရက်လုပ်ကြပြီး နှီးဘုရားပုံတော်များကို ကိုးကွယ်မည့်သူများက မှာယူလျှင် ရက်လုပ် ပေးကြသည်။
နှီးဘုရားပုံတော်ကို နှီးဖြင့်ရက်လုပ်ရပြီး သစ်စေးတစ်ရိုးဖြင့် တစ်ရည်စတင်ရပါကြောင်း သစ်စေးတင်ပြီး ပုံတော်များကို လွှာစာမှုန့်နှင့် သစ်စေးရောနှောပြီး သုတ်လိမ်းပေးရပါကြောင်း သုတ်လိမ်းပြီး ပုံတော်များကို နေရိပ်၌ အခြောက်ခံပြီး ကော်ဘက်ဖြင့် ပွတ်တိုက်၍ သစ်စေးများဖြင့် ထပ်မံသုတ်ပေးရပါကြောင်း၊ သစ်စေးသုတ် ပြီးသည့် ပုံတော်များကို အနည်းဆုံးသုံးကြိမ် ကော်ဘက်ဖြင့် ပွတ်တိုက်၍ အချောကိုင်ရပါကြောင်း အချောကိုင်ပြီးသည့် ပုံတော်များကို သစ်စေးအနီရောင်ဖြင့် ထပ်မံသုတ်ပေးရပါကြောင်း၊ ယွန်းထည်ပစ္စည်း များဖြစ်သော ဆွမ်းအုပ်၊ ကွမ်းအစ်၊ သပိတ်နှင့် အသုံးအဆောင်ပစ္စည်းများ အလှဆင်ပစ္စည်းများကို နှီးဖြင့်အဖြူထည် ရက်လုပ်ပြီးလျှင် သစ်စေးရည် တစ်ထပ် သုတ်ပေးရပါကြောင်း ယွန်းထည်ပစ္စည်း တစ်ခုရရှိရေး အတွက် အကြိမ်ကြိမ် ကော်ဘက်တိုက် အကြိမ်ကြိမ် သစ်စေး သုတ်ပေးရပြီး ခြောက်သွေ့အောင် ပြုလုပ်ရပါကြောင်း ခြောက်သွေ့သည့် ပစ္စည်းများကို ဈေးကွက်သို့ တင်ပို့ ရောင်းချရပါကြောင်း ယွန်းလုပ်ငန်းဖြင့် မိသားစု အစဉ်အဆက် ရက်လုပ်ပါကြောင်း ဟံသာဝတီကျေးရွာအုပ်စု ရပ်တန်းရပ်နေ ယွန်းလုပ်ငန်းလုပ်ကိုင်သူ ဦးချိုတူး၏ ပြောကြားချက်အရ သိရသည်။
ရက်လုပ်ပြီး ယွန်းထည်ပစ္စည်းများကို မန္တလေး၊ ဟုမ္မလင်း၊ မိတ္ထီလာ၊ မော်လမြိုင်၊ ကျောက်ပန်းတောင်း စသည့် မြို့ကြီးများသို့ အများဆုံး တင်ပို့ရောင်းချရပါကြောင်း၊ ယနေ့အချိန်တွင် မြန်မာ့ရိုးရာ အမွေအနှစ်တစ်ခုဖြစ်သော ယွန်းထည်လုပ်ငန်းအား တမ်ကောပပျောက်မသွားရေး လက်ဆင့်ကမ်းအမွေ ထိန်းထိမ်းစောင့်ရှောက်မည့် မျိုးဆက်သစ် လူငယ်လူရွယ်များ ရှားပါးလာပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)