ဒေါပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

ရန်ကုန် ဧပြီ ၂၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြိုနယ်တွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေးက  အဖွင့်အမှာစကား အနေဖြင့် မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာများအားလုံး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များနှင့် ပတ်သက်၍ အရှိန်အဟုန် မပြတ်ဆောင်ရွက်ကြရန်၊ ပြည်သူက အားကိုးယုံကြည်ရသော နိုင်ငံဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ပြည်သူများ အတွက် ဝန်ဆောင်မှုလုပ်ငန်းများအား ကြိုပမ်းဆောင်ရွက်သွားကြရန်၊ ကိုဗစ်-၁၉ ရောဂါအတွက် ကာကွယ်ဆေး များ ထိုးနှံနေမှုအခြေအနေများနှင့် အိမ်နီးချင်းနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ပြန်လည်မြင့်တက် လာသည့်အတွက် ပြည်သူများရောဂါ ကူးစက်ခံရမှုမရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် သွားရန်နှင့် ကျောင်းဖွင့်ရာသီရောက်တော့မည်ဖြစ်၍ ကျောင်းများသန့်ရှင်းသပ်ရပ်‌‌‌စေရန် ကြိုတင်ပြင်ဆင်ကြရန်၊ မိုးရာသီတွင် ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေမြောင်းများကို ရှင်းလင်းဆယ်ယူကြရန်၊ စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် () ဗိုလ်မှူး ကျော်စိုးဦးက  ရပ်မိရပ်ဖ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ များက မြို့နယ်အတွင်းလက်ရှိ ဆောင်ရွက်နေကြသော လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်ကြမည့် လုပ်ငန်းစဉ် များ တိုးတက်ကောင်းမွန်ရေးတို့အတွက်လည်းကောင်း၊ မြို့နယ်အတွင်း လုံခြုံရေးကိစ္စရပ်များအား အလေးထား ဆောင်ရွက်နမှုများအားလည်းကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ခင်မာဝေ(ပြန်/ဆက်)