ကျောက်ဆည် ဧပြီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ကွက်၊ ကျေးရွာများ တည်ငြိမ် အေးချမ်းစေရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စု တည်ငြိမ်အေးချမ်းရေး အဖွဲ့များ ဖွဲ့စည်းပြီး လုပ်ငန်း တာဝန်များ ပေးအပ်ရှင်းလင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်က လက်ရှိအချိန်တွင် အရေးပေါ်ကာလ သတ်မှတ်ထားပြီး မန္တလေးတိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများက နေ့/ညမပြတ် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်းနှင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် တည်ငြိမ်အေးချမ်းရေး အဖွဲ့များကို ပါတီနိုင်ငံရေး ကင်းရှင်းပြီး တည်ငြိမ်အေးချမ်းမှုကို လိုလားသည့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးလွင်မောင်စိုးက ရပ်ကွက်၊ ကျေးရွာအုပ်စု တည်ငြိမ် အေးချမ်းရေးအဖွဲ့များ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ အကြာင်းကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသိန်းလွင်က ရပ်ကွက်၊ ကျေးရွာ တည်ငြိမ်အေးချမ်းစေရေးအဖွဲ့များအနေဖြင့် မိမိတို့ ရပ်ကွက်/ကျေးရွာများအတွင်း နေထိုင်ကြသည့် လူပုဂ္ဂိုလ်များအကြောင်းကို မိုပိုသိရှိပြီး ဖြစ်သောကြောင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရဲရဲဝံ့ဝံ့နှင့် မှန်မှန်ကန်ကန် ပူးပေါင်းဆောင်ရွက်ပေးရေးနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၃) ဦးသောင်ဒန်က နိုင်ငံသားစိစစ်ရေးကဒ်များ ဆောင်ရွက်ပေးနေမှုများ ကို အသီးသီးရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)