နေပြည်တော်အတွင်း မြေယာများလုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျဖြစ်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဧပြီ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြေယာများလုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ဖြစ်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၈)နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

ရှေးဦးစွာနေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အဖွင့်အမှာ စကားပြောကြားရာတွင် နေပြည်တော်အတွင်းရှိ လယ်ယာမြေများပါ်တွင် ခွင့်ပြုချက်မရှိဘဲ အဆောက်အဉီဆောက်လုပ်နေခြင်း၊ စီးပွားရေးလုပ်ငန်းအတွက်အသုံးပြုခြင်း၊ တရားမဝင် ကျူးကျော် ဝင်ရောက် နေထိုင်ခြင်းများ မရှိစေရေးအတွက် သက်ဆိုင်ရာဌာနအကြီးအကဲများက တာဝန်ယူ၍ ထိထိရောက်ရောက် ဆောင်ရွက်သွား ကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အဓိကကျသည့်လမ်းမကြီးများဘေးတွင် အဆောက်အဦများ ဥပဒေမဲ့ ဆောက်လုပ်မှု မရှိစေရေး၊ သစ်တောမြေ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ စီမံခန့်ခွဲလျက်ရှိသော မြေများအပေါ်တွင် ဝင်ရောက်ကျူးကျော်နေထိုင်မှုများအား စနစ်တကျ ဖယ်ရှားရှင်းလင်း ဆောင်ရွက်သွားရမည့် အခြေအနေများနှင့် လယ်ယာမြေများပေါ်တွင် ဥပဒေမဲ့ ဆောက်လုပ်နေထိုင်မှုများအား သက်ဆိုင်ရာ ခရိုင်/မြို့နယ်များအလိုက် အဖွဲ့ဖြင့် စိစစ်အရေးယူ ဆောင်ရွက်သွားရမည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့သည်။

ယင်းနောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဌာနမှူး ဦးဇော်ထွန်းက အဆောက်အဦ ဆောက်လုပ်ခွင့်များ ခွင့်ပြုပေးနေမှုအခြေအနေများအားလည်းကောင်း၊ နေပြည်တော်လယ်ယာမြေ စီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မိုးအောင်က သက်ဆိုင်ရာ မြေအမျိုးအစားများအလိုက် စီမံဆောင်ရွက်နေမှုအခြေအနေများအား လည်းကောင်း၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြမှုများအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)